ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုမြို့ဆီ သွားရောက်မယ့် တရုတ်သမ္မတ

မတ်၊ ၁၈

လာမယ့် သီတင်းပတ်ကျရင် ရုရှားနိုင်ငံမှာ တရုတ်နဲ့ ရုရှား သမ္မတတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ 

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မတ် ၂၀ ကနေ ၂၂ ရက်ထိ မော်စကိုမြို့တော်ဆီ လာရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ မြှင့်တင်နိုင်ဖို့ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ကရင်မလင် နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် အစိုးရက ရုရှား-ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်း ဆွေးနွေးပေးလိုကြောင်း အဆိုပြုပြီး မကြာခင်မှာ ရှီက ရုရှားကို သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။ ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကတော့ ရုရှားရဲ့ မဟာမိတ်လို့ သတ်မှတ်ထားတဲ့ တရုတ်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး သတိကြီးကြီးနဲ့ ကြိုဆို လက်ခံထားပါတယ်။

တဖက်မှာလည်း တရုတ်ဟာ စစ်ပွဲနဲ့ ပတ်သက်လို့ ပိုမို ထဲထဲဝင်ဝင် လှုပ်ရှားလာပြီး ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ပေးတာမျိုးထိ ဖြစ်လာနိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်ဟာ စစ်ပွဲကို အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်ပြီး မျှတတဲ့ ရပ်တည်မှုမျိုးနဲ့ပဲ ကြားဝင် ညှိနှိုင်းပေးသွားလိုကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့ ရှီကိုယ်တိုင် မော်စကိုထိ သွားရောက်ခြင်းကတော့ တရုတ်ဟာ ရုရှားနဲ့ ပိုမိုနီးနီးကပ်ကပ် ရပ်တည်ဖို့ ရည်ရွယ်ထားကြောင်း မြင်သာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတုန်းက ရှီနဲ့ ပူတင်တို့က သူတို့ကြားက လက်တွဲ ဆောင်ရွက်မှုတွေဟာ အကန့်အသတ် ရှိမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ဖူးပါတယ်။

လက်ရှိ အခြေအနေထိတော့ တရုတ်ဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ရင် ကြားနေတဲ့ ဝါဒကို ပီပီပြင်ပြင် ဆက်လက် ဆုပ်ကိုင်ထားသလို ရုရှားကိုလည်း စစ်လက်နက်တွေ ထောက်ပံ့တဲ့ အဆင့်ထိ ရောက်မလာသေးပါဘူး။ ရှီရဲ့ ခရီးစဉ်မှာတော့ ပူတင်ဟာ တရုတ်ဆီက အကူအညီတွေ ပိုပြီး ပီပီပြင်ပြင် ရရှိနိုင်ရေးအတွက် စည်းရုံး တောင်းဆိုလာနိုင်ကြောင်းလည်း နိုင်ငံတကာအရေး စောင့်ကြည့် လေ့လာသူတွေက မှတ်ချက် ပေးထားပါတယ်။

Ref: CNN