ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ ဆက်အရွေးချယ် ခံရတဲ့ ရော်နယ်လ်ဒို

မတ်၊ ၁၈

အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လက်ရွေးစင် အသင်းမှာ ဆက်လက် ရွေးချယ်ဖို့ ပေါ်တူဂီ အသင်း မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်က ဆုံးဖြတ်ခဲ့ပါတယ်။

 အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းက ခြေစွမ်း မပြနိုင်ခဲ့သလို အသင်း မန်နေဂျာဟောင်း ဖာနန်ဒို ဆန်းတို့စ်က သူ့ကို အရန်ခုံပါ ပို့ထားခဲ့ပါတယ်။ ကမ္ဘာ့ဖလား အပြီးမှာတော့ ရော်နယ်လ်ဒိုဟာ ဥရောပ ဘောလုံးလောကမှာ ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေတာကို ကျောခိုင်းပြီး ဆော်ဒီ အာရေဘီးယားကလပ် အယ်လ်နက်ဆာ အသင်းဆီ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

ဒီအခြေအနေတွေအရ ရော်နယ်လ်ဒိုဟာ အသက်အရွယ် အရရော၊ ခြေစွမ်းပါ အကောင်းဆုံး အနေအထားကို ကျော်သွားပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး ပေါ်တူဂီအသင်း မန်နေဂျာသစ် မာတီနက်ဇ်က သူ့ကို လက်ရွေးစင် အသင်းအတွက် ပြန်ခေါ်မခေါ် ဆိုတာ ထင်ကြေး အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ စပိန်သား ဘောလုံးမန်နေဂျာ မာတီနက်ဇ်က သူ့ရဲ့ ပထမဆုံး ပေါ်တူဂီအသင်း လူစာရင်းမှာ ရော်နယ်လ်ဒိုကို ပြန်လည် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အသင်းအတွက် သိပ်ကို အရေးပါသူဖြစ်ကြောင်း၊ သူ့အသက်အရွယ်ကို ထည့်စဉ်းစားနေစရာလည်း မလိုကြောင်း မာတီနက်ဇ်က ပြောပါတယ်။

ပေါ်တူဂီဟာ မတ် ၂၃ ရက်မှာ လက်ချ်တင်စတိန်းနဲ့ ကစားမှာဖြစ်ပြီး နောက်ထပ် ၃ ရက် အကြာမှာတော့ လူဇင်ဘတ်နဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ နှစ်ပွဲစလုံးက ၂၀၂၄၊ ဥရောပ တံခွန်စိုက်ဖလား ခြေစစ်ပွဲစဉ်တွေပါ။

ရော်နယ်လ်ဒိုဟာ အမျိုးသား လက်ရွေးစင် အသင်းတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ စံချိန်ရှင် အဖြစ်လည်း ရပ်တည်နေပါတယ်။ သူဟာ ပေါ်တူဂီအတွက် ၁၉၆ ပွဲကစားပြီး ၁၁၈ ဂိုးထိ ရရှိထားပါတယ်။ လောလောဆယ်တော့ အယ်လ်နက်ဆာကို ပြောင်းရွှေ့ပြီးတဲ့နောက် ရော်နယ်လ်ဒိုဟာ ၉ ပွဲကစားပြီး ၈ ဂိုး သွင်းထားကြောင်း သိရပါတယ်။

Ref: BBC