မြန်မာ့အရေးညှိနှိုင်းဖို့ မမြင်သေးဘူးလို့ အထူးကိုယ်စားလှယ် ကုလမှာ တင်ပြခဲ့

မတ်၊ ၁၇

အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG နှစ်ဘက်လုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေကြပြီး နှစ်ဘက် ညှိနှိုင်းဖို့ အလားအလာဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ဒီကနေ့ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သတ်ပြီးလေ့လာတွေ့ချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံတမန် တွေကို တင်ပြခဲ့ရာမှာထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

‘’ကျွန်မမြင်တာကတော့ နှစ်ဖက်လုံးက အင်အားနဲ့ အနိုင်ယူဖို့ ရည်ရွယ်ထားတဲ့အတွက် စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ အလားအလာမရှိပါဘူး’’လို့ သူကဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ အာဏာရေရှည်တည်မြဲဖို့အတွက် ရွေးကောက်ပွဲတရပ်ကျင်းပဖို့ပြင်ဆင် နေသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း အဲဒီရွေးကောက်ပွဲကို ပြည်သူတွေမပါဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။ ‘’အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေ၊ ပြည်သူတွေနိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမှာ စစ်ကောင်စီ ကလုပ်မယ့်ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကိုသာ ပိုဆိုးလာနိုင်စေပါတယ်’’ လို့ မစ္စနိုလင်းဟေဇာက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် အရပ်သား ၅၄၄၃ သေဆုံး၊ ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားသလို စစ်ကောင်စီကြောင့် အရပ်သား ၃၁၃၇ သေဆုံးပြီး လူ ပေါင်း ၁၆၀၀၀ ကျော်ဖမ်းဆီးခံထားရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသာများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရNUG က စစ်ကောင်စီကို တရားမဝင်အာဏာသိမ်းယူထားတဲ့အဖွဲ့အဖြစ် ပြောဆိုထား ပြီး စစ်ကောင်စီကလည်း NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။ စစ်အာဏာသိမ်းတာ နှစ် နှစ်ကျော်ရှိလာချိန် မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေစိုးရိမ်စရာနှုန်းနဲ့ ဆက်လက်ဖြစ်ပွားနေသလို အရပ်သားတွေနဲ့ နိုင်ငံအပေါ် ဆိုးဆိုးဝါးဝါးသက်ရောက်မှုတွေရှိနေတယ်လို့လည်း မစ္စနိုလင်းဟေဇာကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်တဲ့ဖိနှိပ်မှု ကြားက နိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းမဖက်နည်းနဲ့ နည်းရော လက်နက်ကိုင်နည်းနဲ့ပါ ခုခံတွန်လှန်နေကြဆဲဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင်မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကြီးမားမားကြုံတွေ့နေရပြီး လူဦးရေ ၁၇ ဒဿမ ၆ သန်းဟာ အကူအညီလိုအပ်နေသလို ၁ ဒဿမ ၆ သန်းဟာ စစ်ရှောင်နေရကာ ဘာသာရေးအ ဆောက် အအုံအပါအဝင် နေအိမ် ၅၅၀၀၀ ဝန်းကျင်ဖျက်ဆီးခံထားရတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ခြင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအ ကျဉ်းသားလွှတ်ပေးဖို့ဆုံးဖြတ်ထားတွေကိုစစ်ကောင်စီက မလိုက်နာတဲ့အတွက် မတ်လ ၁၃ ရက်က တံခါးပိတ် အစည်းအဝေးကျင်းပခဲ့ရတာပါ။

မကြာသေးခင်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နန်းနိမ်ရွာမှာ သံဃာတော်သုံးအပါအဝင် လူပေါင်း ၃၀ လောက်ကို စစ်ကောင်စီကသတ်ဖြတ်တဲ့ဖြစ်စဉ်နဲ့ တခြားတိုက်ခိုက်မှုတွေကိုလည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။ မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက အာဏာသိမ်းစစ်ခေါင်းဆောင်ကို မြန်မာပြည်မှာ လာ ရောက်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကိုတော့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။

ဒါပေမယ့် အမျိုး သားညီညွတ်ရေးအစိုးရNUG တာဝန်ရှိသူတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH စတဲ့ အဖွဲ့ အစည်းတွေနဲ တွေ့ဆုံခဲ့သလို မကြာသေးမီက NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ လည်းလူချင်းတွေ့ ဖို့စီစဉ်ခဲ့ တယ်လို့ဆိုပါတယ်။ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းကို လေကြောင်းကတိုက်ခိုက်မှုတွေရပ်ဖို့၊ အရပ်သားပိုင်အဆောက်အအုံ တွေကို မီးရှို့တာတွေရပ်ဖို့၊ သေဒဏ်ပေးတာတွေထပ်မလုပ်ဖို့၊ နိုင်ငံရေးအကျဉ်း သားတွေလွှတ်ပေးဖို့စတဲ့ကိစ္စ ရပ်တွေတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။

အရင်ဦးသန်းရွှေစစ်အစိုးရလက်ထက်က မြန်မာပြည်ကို လာရောက်ဖူးတဲ့ မစ္စနိုလင်းဟေဇာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ်တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။