မတ်၊ ၁၇
ပြည်တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်လူသတ်မှုတွေကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့မတ်လ ၁၆ ရက်မှာလုပ်တဲ့ ကုလအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အခုလထဲမှာပဲဖြစ်သွားတဲ့ စစ်ကိုင်းတိုင်းထဲကတာတိုင်ကျေးရွာမှာ စစ်တပ်ကဖမ်းသွားတဲ့ ဒေသခံ ၁၇ဦးအစုလိုက်အသတ်ခံရမှုနဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ ပင်လောင်း၊ နန်းနိန်းရွာမှာ ဒေသခံ ၃၀နီးပါးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကိုသက်သေအထောက်အထားတွေနဲ့ တင်ပြသွားတာတွေ့ရပါတယ်။
NUG ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီက လူငါးဦးအထက်သတ်ဖြတ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၆၄မှုအထိရှိနေပြီး အခုနှစ်မတ်လထဲမှာပဲ လူအစုလိုက်အသတ်ခံရတဲ့ဖြစ်စဉ် ၄ခုရှိခဲ့သလို အဲဒီဖြစ်စဉ်တွေကြားလူပေါင်း ၇၆၆ဦးသေဆုံးခဲ့တယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ သေရေးရှင်ရေးတမျှအရေးကြီးတဲ့ အနာဂါတ်နှစ်ခုကို ရွေးချယ်ရမယ့်လမ်းဆုံလမ်းခွကိုရောက်နေပြီလို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာထုတ်ပြောသွားပါတယ်။
တဖက်မှာတော့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ လုပ်ရပ်တွေအပေါ် ဒဏ်ခတ်မှုတွေမရတဲ့ စစ်အာဏာရှင်ကြီးစိုးမှု လမ်းကြောင်းရှိနေသလို တဖက်မှာလည်း မြန်မာပြည်သူတွေလိုလားနေတဲ့
လူနည်းစု တိုင်းရင်းသားတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှုကို ဖော်ဆောင်ပေးမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တည်မြဲသွားအောင် လမ်းဖွင့်ပေးလိုက်တာမျိုးမလုပ်ဆောင်ဖို့မျှော်လင့်တယ်လို့လည်း ဆက်ပြောသွားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုမျှသာမဟုတ်တော့ဘဲ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်အချိတ်အဆက်မိမိ အရပ်သားပြည်သူတွေကိုတိုက်ခိုက်နေတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း တင်ပြဆွေးနွေးသွားပါတယ်။