ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးပို့မယ်လို့ ပိုလန် ကြေညာ

မတ်၊ ၁၇

စစ်ပွဲကာလအတွင်း ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကူညီပို့ဆောင်မယ့် ပထမဆုံး နိုင်ငံအဖြစ် ပိုလန်က မှတ်တမ်းဝင်လာခဲ့ပါတယ်။

 မတ် ၁၆ ရက်မှာ ပိုလန် အစိုးရက သူတို့ရဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ် ၄ စီးကို ယူကရိန်းအတွက် ထောက်ပံ့ ပေးအပ်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ တခြား NATO အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ပိုလန်ရဲ့ လမ်းစဉ်ကို လိုက်ပြီး ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ပံ့ပိုးကြဖို့ သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက တိုက်တွန်းခဲ့ပါတယ်။

 MiG-29တွေဟာ ဆိုဗီယက်လုပ် ဘက်စုံသုံး တိုက်လေယာဉ်တွေဖြစ်ပြီး ယူကရိန်း တိုက်လေယာဉ်မှူးတွေနဲ့ မစိမ်းလှတဲ့ စစ်လက်နက်တွေ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိလည်း ပိုလန် လေတပ်မှာ MiG-29တွေကို အသုံးပြုနေဆဲ ဖြစ်သလို အမြင့်ဆုံးအဆင့် ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး ယူကရိန်းဆီ တိုက်လေယာဉ်တွေ ခွဲ​ဝေ ပို့ဆောင်ပေးနိုင်စွမ်း ရှိတယ်လို့ ပိုလန် အနေနဲ့ ယုံကြည်မှုအပြည့် ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ ဒူဒါက ဆိုပါတယ်။

 ပိုလန်ရဲ့ မြို့တော် ဝါဆောကို ရောက်ရှိနေတဲ့ ချက်နိုင်ငံ သမ္မတ ပီတာ ပါဗယ်လ်ကလည်း ယူကရိန်းအတွက် ကူညီထောက်ပံ့ရေး ကဏ္ဍမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ လိုလိုလားလား ရှိနေတယ်လို့ ဒူဒါက သတင်းထောက်တွေကို ပြောသွားပါသေးတယ်။ ပိုလန်နဲ့ ချက်တို့ဟာ ယူကရိန်းကို လူသားချင်း စာနာမှု ကဏ္ဍမှာရော၊ စစ်ရေးအရပါ အကူအညီတွေပေးဖို့ ခိုင်ခိုင်မာမာ လက်တွဲ ရပ်တည်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

 ပိုလန်ဟာ ရုရှား ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမာခံ အပံ့ပိုးဆုံး မိတ်ဖက်နိုင်ငံ တခု ဖြစ်လာခဲ့ပါတယ်။ NATO အဖွဲ့ဝင် နိုင်ငံအများစုက ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ လက်တွန့်နေကြတဲ့ အခြေအနေကို အခုအခါ ပိုလန်က ရှေ့ဆောင်လမ်းပြ ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

 ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရှေ့တန်းစစ်မြေပြင်ကို ကျော်ပြီး ရုရှားရဲ့ လက်နက်ကြီး ပစ်အားကို ဖြိုဖျက်ဖို့အတွက် အနောက်နိုင်ငံလုပ် ခေတ်မီ တိုက်လေယာဉ်တွေ လိုအပ်နေကြောင်း ထောက်ပြခဲ့ပြီး အဓိက အနေနဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ လက်လွှဲရရှိရေးကို အစဉ်တစိုက် တောင်းဆိုနေကြောင်း သိရပါတယ်။