မတ်၊ ၁၇
စပို့တင်း လစ္စဘွန်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ်က ထွက်ခွာခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ် အနေနဲ့ ရှိသင့်တဲ့ စံနှုန်းနဲ့ စွမ်းဆောင်ရည်မျိုးအတိုင်း မကစားနိုင်ခဲ့ကြောင်း အသင်းမန်နေဂျာ မစ်ကယ် အာတီတာက ဝန်ခံခဲ့ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဂရာနစ် ရှာခါရဲ့ သွင်းဂိုးနဲ့ အိမ်ရှင် အာဆင်နယ်က ဦးဆောင်ခဲ့ပေမယ့် စပို့တင်း ကစားသမား ပက်ဒရို ဂွန်ကလေ့ဗ်စ်က ကွင်းတဝက်ကျော်လောက်ကနေ လှလှပပ လှမ်းကန်ပြီး ချေပဂိုး သွင်းခဲ့ပါတယ်။ ပထမ အကျော့ ပေါ်တူဂီ မြေမှာလည်း နှစ်ဂိုးစီ သရေကျထားတာကြောင့် အချိန်ပို ဆက်ကစားပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူချိန်မှာတော့ အာဆင်နယ်က ၃-၅ နဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
စပိန်သား မန်နေဂျာ အာတီတာက ဒီရှုံးနိမ့်မှုဟာ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်လို့ ညည်းညူခဲ့ပါတယ်။ အထူးသဖြင့် ပွဲချိန် ၇၅ မိနစ်လောက်ထိ အာဆင်နယ်ဟာ အသင်းရဲ့ ရှိသင့်တဲ့ စံနှုန်းမျိုးနဲ့ မကစားနိုင်ဘဲ ဘောလုံးတွေကို အလွယ်တကူ ဆုံးရှုံးစေခဲ့ကြောင်း၊ ပွဲကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်တဲ့ အစွမ်းမျိုး ရှိလျက်နဲ့ ထုတ်မသုံးခဲ့ကြောင်း အာတီတာက ဆိုပါတယ်။
ဒါပေမဲ့ ပုံမှန်ပွဲချိန် နောက်ဆုံး ၁၅ မိနစ်နဲ့ အချိန်ပိုတွေမှာ အခွင့်အရေးတွေ ပိုရခဲ့တဲ့တိုင် အာဆင်နယ်က ဂိုးမသွင်းနိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် ဆိုတာကတော့ ကံနဲ့ အများကြီး ပိုဆိုင်သွားပြီး အာဆင်နယ် ရှုံးနိမ့်ခဲ့ကြောင်း အာတီတာက ပြောပါတယ်။
သူက ဥရောပ ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်က ထွက်ခွာခဲ့ရတာမို့ အာဆင်နယ်ဟာ ပြည်တွင်းက ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ရေးအတွက် ပိုမို အာရုံစိုက်ဖို့ အခွင့်ကောင်း ရလာစေတယ်ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ သဘောမတူခဲ့ပါဘူး။ အာဆင်နယ် အနေနဲ့ ယူရိုပါလိဂ်မှာ နောက်တဆင့်တက်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့တာလို့သာ အရှိအတိုင်း လက်ခံရမယ်လို့ အာတီတာက ထောက်ပြခဲ့ပါတယ်။
အသင်းအနေနဲ့ နိုင်ပွဲတွေမှာ တူတူပျော်ခဲ့ပြီးရင် ရှုံးနိမ့်မှုတွေမှာလည်း စုစုစည်းစည်း ဖြတ်သန်းကြဖို့ လိုကြောင်း၊ ရှုံးပွဲနဲ့ ကြုံပြီးတဲ့အခါ စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီး လာမယ့် ပွဲစဉ်တွေအတွက်ပဲ တွေးတော ပြင်ဆင်ဖို့လိုကြောင်း အာတီတာက ပြောကြားသွားပါတယ်။