ရေဖြူလဝကရုံး မီးရှို့ခံရပြီးနောက် စစ်ကောင်စီက အရပ်သားငါးဦးခန့်ကို ဖမ်းဆီး

 

မတ်၊ ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံး မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်ကြောင့် အရပ်သားငါးဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
ရေဖြူမြို့ပေါ်မှာရှိတဲ့ လ.ဝ.ကရုံးဟာ မတ် ၁၅ ရက်၊ ည ၇ နာရီကျော်ခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။
 
“ ညက ၇ နာရီကျော်လောက်မှာ မီးခိုးလုံးတွေ အများကြီးထွက်လာတာ။ ပြီးတော့ မြို့ထဲမှာပဲ ဆိုတော့ အိမ်တွေ မီးလောင်တာထင်တယ်ပေါ့။ မဟုတ်ဘူး။ ခဏနေကျမှ သိရတာ မြို့နယ်လ.ဝ.က ရုံး ဖြစ်နေတာ။ သိရသလောက်ကတော့ လက်နက်ကိုင်အဖွဲ့တခုက မီးရှို့သွားတာတဲ့။ ဓါတ်ဆီတွေသေချာလောင်းပြီးမှ ရှို့သွားတာတဲ့ ” ဟု ၎င်းက ပြောပါတယ်။
 
အဲဒီလိုမီးရှို့ဖျက်စီးတာကြောင့် လူပေါင်းတသိန်းကျော်ရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မီးထဲပါသွားတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက တနင်္သာရီတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကားပြီး ရေးသားထားပါတယ်။
 
လ.ဝ.က ရုံးကို မီးလာရှို့တဲ့လက်နက်ကိုင်အဖွဲ့ဟာ ၁၀ ဦးခန့်ရှိပြီး သူတို့ဝင်လာချိန်မှာ သေနတ်တွေ မိုးပေါ်ထောင်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဆိုပါမီးလောင်မှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ မီးသတ်ဝန်ထမ်းတွေက မီးငြိမ်းသတ်ခဲ့တာကြောင့် နာရီဝက်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပေမယ့် လ.ဝ.က ရုံး RC တထပ်တိုက်အဆောက်အဦ မီးလောင်ပြာကျခဲ့ပါတယ်။
 
အဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေနဲ့ အရပ်သားတွေအပါအဝင် ၅ ဦးထက်မနည်းကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရေဖြူမြို့နယ်လ.ဝ.က ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတဦးက DNA ကို အတည်ပြု ပြောဆိုပါတယ်။
 
“ ဝန်ထမ်းတွေတော့ ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။ အဲမှာ သူတို့မရှိနေကြဘူး။ ဒီဖြစ်စဉ်ကြောင့် သွားလာနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးဖို့ဆိုပြီး ဖမ်းထားတာရှိတယ်။ ၅ ဦးလောက်တော့ ပြောတယ်။ ဘယ်သူတွေတော့ အတိအကျမသိရဘူး။ ဖမ်းခံရတာက သေချာတယ် ” ဟု ၎င်းက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဆိုတာနဲ့ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။
 
ဒါပေမယ့် လ.ဝ.ကရုံးမီးလောင်မှုဖြစ်ပွားချိန်မှာ ဝန်ထမ်းတွေ မရှိတာကြောင့် လူထိခိုက်ဒဏ်ရာရရှိတာ မရှိပေမယ့် မြို့နယ်အတွင်းက ပြည်သူတွေရဲ့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်အားလုံးတော့ မီးလောင်ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
 
လက်ရှိမှာ ရေဖြူမြို့နယ် လ.ဝ.က ရုံးကို မည်သည့်အဖွဲ့က မီးရှို့ဖျက်ဆီးသွားတာကို ထုတ်ပြန်ထားခြင်း မရှိသလို ရေဖြူမြို့နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ရေဖြူမြို့နယ်မှာဆိုရင် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေရှိတဲ့ နေရာတွေဘက်မှာ မကြာခဏ ဗုံးဖောက်ခွဲခံရလေ့ရှိသလို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လကလည်း ရေဖြူမြို့နယ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက လူဦးရေစာရင်းကောက်ယူခဲ့တဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ အခြားဒေသတွေက ဆယ်ဂဏန်းကျော်တဲ့ လ.ဝ.က ရုံးတွေနဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ယူတဲ့ နေရာတွေကို ပီဒီအက်ဖ်တွေက ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – Internet