မြစ်ငယ် PDF စခန်း ဝင်ရောက်စီးနင်းခံရလို့ တဦးကျဆုံးပြီးလက်နက်ခဲယမ်းတွေ အများအပြားဆုံးရှုံး

မတ်၊ ၁၆

မန္တလေးမြို့ အခြေစိုက် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF (မြစ်ငယ်) ရဲ့ စခန်းကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးလိုက်ရတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မနေ့က မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းမြောင်မြို့နယ် တနေရာရှိ MNPDF (မြစ်ငယ်) ရဲ့ စခန်းကို စစ်ကောင်စီသတင်းပေးသူတွေကြောင့် ဝင်ရောက်စီးနင်းခံရပြီး စခန်းစီးနင်းချိန်မှာ အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲဘော် ၁ ဦးကျဆုံးခဲ့ကာ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
” မနက် ၆ နာရီလောက်မှာ ဝင်စီးခံလိုက်ရတယ်။ ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းကို အာရုံထားနေချိန်မှာ အနောက်ကစစ်ကြောင်းတစ်ခုက ဝင်စီးတာ ခံလိုက်ရတယ်။ စစ်ကြောင်းက နှစ်ခုပါ အနောက်ဖက်က လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်။ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်လိုက်သေးတယ်။ ကျနော်တို့ ရသလောက်ကယ်ထုတ်ခဲ့တာပေါ့။ စခန်းက အားလုံးတပ်ဖြန့်ထားတဲ့အချိန် အနောက်ထဲက ဝင်စီးခံလိုက်ရတဲ့ အနေအထားပါ။ အဲဒီနေရာကျနော်တို့ အထိုင်လုပ်ထားတဲ့ နေရာပေါ့ ” လို့ သူက ပြောပါတယ်။
 
စခန်းစီးနင်းခံရမှုကြောင့် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitnge နဲ့ အဲဒီတပ်ဖွဲ့ရဲ့ တပ်ခွဲတခုဖြစ်တဲ့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တပ်ရဲ့ စစ်ယူနီဖောင်းတွေ အပါအဝင် လက်နက်နဲ့ ခဲယမ်းတွေ ကျပ်သိန်းထောင်နဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေစီနင်းမှုကြောင့် ယူနီဖောင်း အထည် ၃၀၀၊ ပြောက်ကျားဦးထုပ် ၁၅၀ လုံး၊ လက်လုပ်စိန်ပြောင်း နှစ်လက်၊ အူဇီ သုံးလက်၊ ကိုးလုံးကျည်သေနတ် ၁၀ လက်၊ ကာဘိုင် ၁၀ လက်၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖုန်းအလုံး ၂၀၊ ဒရုန်းသုံးစီး၊ ဝါရိန်စက်တွေ၊ မိုင်းတွေ၊ ယမ်းမှုန့်တွေစတာတွေအပါအဝင် ရိက္ခာတွေပါ အများအပြားဆုံးရှုံးခဲ့တာပါ။
 
” ကျသွားတဲ့ရဲဘော်က အဖမ်းခံပြီးတော့မှ အသတ်ခံလိုက်ရတာပါ။ သိမ်းခံရတဲ့ ပစ္စည်းတချို့ကို မီးရှို့သွားသလို တဝက်ကိုတော့ သယ်သွားတယ် ” လို့ သူက ဆိုပါတယ်။
 
လက်နက်နဲ့ခဲယမ်းတွေ ဆုံးရှုံးလိုက်ရပေမယ့် စစ်အုပ်စုကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို လတ်တလောမှာတော့ ပြည်သူတွေရဲ့ အကူအညီတွေ အပူတပြင်းလိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလမှာလည်း ဒေသကာကွယ်ရေးတပ်တွေကို စစ်ကောင်စီတပ်တွေက ဝင်စီးပြီး အဖွဲ့ဝင် ၄၀ ဦးလောက် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – မြစ်ငယ် PDF