KBC ဥက္ကဌဟောင်းကို စစ်ကောင်စီက တရားရုံးက အကြမ်းဖက်မှုဥပဒေ နဲ့ထပ်မံစွဲချက်တင်

မတ်၊ ၁၆

ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်မံစွဲချက်တင်လိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” အကြမ်းဖက်မှုအတွက် ရုံးကလက်ခံလိုက်တယိလို့ သိရတယ်။ သူမိသားစုနဲ့လည်းအဲရုံးချိန်းမှာတွေ့ခဲ့ရတယ်။ ကျန်းမာရေးတော့ သိပ်မကောင်းဘူးပြောတယ်။ နောက်ရုံးချိန်းက ၂၁ ရက်နေ့ပါ ” လို့ KBC နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ မြစ်ကြီးနားတရားရုံးမှာအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတအပါအဝင် ဝန်ကြီးနှစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီးထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချနိုင်တဲ့ ပုဒ်မနဲ့   ဒီလ ၁၄ ရက်နေ့က ရုံးထုတ်စစ်ဆေးကာ စွဲချက်တင်လိုက်တဲ့အတွက် အမှုသုံးမှုရှိလာတာပါ။

အဲဒီ အမှုသုံးခုအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ-၁၇ (၁)တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စွဲချက်တင်ခဲ့တာပါ။

ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာခလမ်ဆွန်ဟာ လက်ရှိမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု သုံး မှုနဲ့တရားရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ ရုံးချိန်းမှာ အစောပိုင်းက စွဲချက်တင်ထားတဲ့အမှုတွေအတွက် စွပ်စွဲခံရသူဖက်မှာ သက်သေ ၂ ဦးစစ်ဆေးခဲ့ပြီး အဲဒီသက်သေတစ်ဦးမှာ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ဇနီးပါဝင်ခဲ့တာကြောင့် မီးသာစုနဲ့တွေ့ခွင့်ရခဲ့တယ်လို့ ဒေါက်တာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်းမှာ မီးသားစုနဲ့ တွေ့ခွင့်ရခဲ့ခြင်းဖြစ်သလို လက်ရှိမှာ ကျန်းမာရေးအရ ချောင်းဆိုးတဲ့ဝေဒါနာကို ခံစားနေရတယ်လို့ သိရပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ထိုင်းနိုင်ငံကိုဆေးကုဖို့အသွားမှာ စစ်ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ဗိုလ်တစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတာတွေ လုပ်ခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ပြန်လည်လွတ်ပေးဖို့ စစ်ကောင်စီကို ပြောဆိုထားပါတယ်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်း အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌ လည်းဖြစ်သလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ်ယာန် တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ခဲ့ပြီးသုံးရက်အကြာမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတော့ပဲ ၂၀၂ဝပြည့်နှစ်၊ နှစ်ကုန်ပိုင်းက စစ်တပ်ခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရီးစဉ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

စစ်ကောင်စီက နောက်ဆုံးစွဲဆိုထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ပတ်သတ်ပြီးလာမယ့် မတ်လ ၂၁ ရက်မှာစွပ်စွဲခံထားရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့သက်သေတချို့ကို စတင်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။