ရုရှားသူလျှို အဖွဲ့တခုကို ပိုလန်မှာ ဖမ်းဆီးရမိ

မတ်၊ ၁၆

ရုရှားအတွက် သူလျှိုအဖြစ် လုပ်ကိုင်ပေးနေတယ်ဆိုတဲ့ အဝန်းအဝိုင်း တခုကို ပိုလန်မှာ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

 ပိုလန် အစိုးရ အရာရှိ နှစ်ဦးက ရုရှား သူလျှိုလို့ ယုံကြည်ရတဲ့ နိုင်ငံခြားသား တဖွဲ့ကို ဖမ်းဆီးထားကြောင်း မတ် ၁၅ ရက်က အတည်ပြုခဲ့ပါတယ်။ RMF FM ရေဒီယိုကလည်း ပိုလန် လုံခြုံရေး တပ်ဖွဲ့တွေဟာ ရုရှားအတွက် အလုပ်လုပ်ပေးနေတဲ့ စပိုင်ကွန်ရက် တခုကို ချိုးဖောက် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

 အဖမ်းခံထားရသူ ၆ ဦးဟာ ယူကရိန်းဆီ အထောက်အပံ့တွေ ပေးပို့တဲ့ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ နေရာတွေမှာ လျှို့ဝှက် ကင်မရာတွေ လိုက်လံ တပ်ဆင်ထားတယ်လို့ ပိုလန် အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ပိုလန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းအတွက် အတက်ကြွဆုံး အားပေး ထောက်ပံ့နေတဲ့ မိတ်ဖက် နိုင်ငံ တခုလည်း ဖြစ်ပါတယ်။

 RMF FMရဲ့ အဆိုအရ အဲဒီ အဖွဲ့ဟာ ပိုလန်မှာ ဖျက်ဆီးရေး အစီအမံတွေပါ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး အထမမြောက်ခင် အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

 ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက သူလျှိုပြဿနာဟာ ယူကရိန်း စစ်ပွဲကာလမှာ ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။ စစ်ပွဲ စကတည်းက ပိုလန်မှာ ရုရှားသူလျှိုလို့ ယုံကြည်ရသူ တချို့ကို ဖမ်းဆီးထားခဲ့ပါတယ်။

 RMF FMရဲ့ အဆိုအရ အခု အဖမ်းခံရတဲ့ အဖွဲ့ဟာ ယူကရိန်း နယ်စပ်နားက ပိုလန်ပိုင် ပေါ့ကာပါကီ ဒေသက မီးရထား လမ်းဆုံတွေမှာ ကင်မရာတွေ ဒါဇင် တော်တော်များများ တပ်ဆင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ပွဲကာလမှာ နယ်ခြားဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဗဟိုချက် တခု ဖြစ်လာတဲ့ ဒေသခံ အသေးစား လေဆိပ် တခုမှာလည်း အလားတူ ကင်မရာတွေ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

 အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက စစ်သုံးနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ ဇက်ဆို-ဂျာဆီယွန်ကာ လေဆိပ်ကနေတဆင့် ယူကရိန်းကို စစ်ရေးနဲ့ တခြား အထောက်အပံ့တွေ ပို့ဆောင်လေ့ ရှိပါတယ်။ အဲဒီ လေဆိပ်ဟာ ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ လောက်ပဲ ဝေးပါတယ်။

 မကြာသေးခင်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပိုလန်ကနေတဆင့် ယူကရိန်းကို ကိုယ်တိုင် သွားရောက်ခဲ့ရာမှာလည်း အဲဒီလေဆိပ်ကို သမ္မတလေယာဉ် Air Force One ဆင်းသက်ခဲ့ဖူးပါတယ်။

ရုရှား သူလျှိုအဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးမိပြီးနောက်ပိုင်း လေဆိပ်တဝိုက်မှာ လုံခြုံရေး အစီအမံတွေ ပိုမိုတင်းကျပ် ထားတယ်လို့လည်း ပိုလန် အစိုးရ တာဝန်ရှိသူတွေက ပြောကြားသွားပါတယ်။