မတ်၊ ၁၆
တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ခေါင်းဆောင်တွေ သမိုင်းဝင် တွေ့ဆုံမှု မတိုင်ခင် နာရီပိုင်း အလိုမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစင်းကို ပစ်လွှတ်ပြခဲ့ပါတယ်။
မတ် ၁၆ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ ICBM ပျံတက်ခဲ့တဲ့ ကိစ္စကို ဂျပန်ရော၊ တောင်ကိုရီးယားကပါ အတည်ပြု ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ လောက် ခရီးရောက်အောင် ပျံသန်းပြီးတဲ့နောက် ဂျပန် အနောက်ဖက် ကမ်းလွန် ပင်လယ်ပြင် တနေရာကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယား အတွက်တော့ တပတ်အတွင်း ၄ ကြိမ်မြောက် ဒုံးကျည် ပစ်ခတ်မှု ဖြစ်လာပြီး အရင် အကြိမ်တွေတုန်းကတော့ တာတို ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာပါ။
ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၆၀၀၀ လောက်ထိ ပျံတက်ခဲ့ပြီး လေထဲမှာ မိနစ် ၇၀ လောက်ကြာအောင် ရှိနေခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ်နားမှာ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်း လုပ်ဆောင်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မတ် ၁၆ ရက်မှာတော့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဟာ တိုကျိုမှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ မဟာဗျူဟာ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ အဲဒီ နှစ်နိုင်ငံဟာ သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို အကြောင်းပြုပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လာခဲ့ကြပါတယ်။
ပြီးတော့ မြောက်ကိုရီးယားရဲ့ ICBM ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆီ အရေးဆိုသွားမယ်လို့လည်း တောင်ကိုရီးယားရော၊ ဂျပန်ကပါ အတည်ပြုထားပါတယ်။