မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ် မီးရှို့လို့ အသက်၇ဝအရွယ် သုံးဦးမီးလောင်သေဆုံး

မတ်၊ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မတ်လ၁၅ရက်နေ့ မနက်၆နာရီအချိန် မှာစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ အသက် ၇၀ အရွယ် လူသုံးဦး မီးလောင်သေဆုံးခဲ့ပြီး ဒေသခံ ၅၀၀ ခန့်ဆားလင်းကြီးဘက်စစ်ရှောင်ရတယ်လို့သိရပါတယ်။

“စစ်ကြောင်းကအခုတော့ထွက်သွားပြီ။ကျွန်တော်တို့အခုမီးငြှိမ်းနေတယ်။ပြည်သူ၃ဦးသေဆုံးပြီး၃၅အိမ်လောက်မီးလောင်တယ်။သတင်းအချက်အလက်အတိအကျကိုတော့မသိရသေးဘူး။အခုမှနယ်မြေရှင်းလင်းရေးလုပ်နေရတာ”လို့မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက DNAကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေစစ်ကြောင်းစထိုးနေချိန်မှာထွက်မပြေးနိုင်တာကြောင့်နေအိမ်မှာကျန်နေခဲ့တဲ့ အသက်ရဝကျော်အရွယ်ဦးစိန်မင်း ၊ ဦးဌေးမောင် နဲ့ဒေါ်ဂွမ်းပုံတို့ ကိုစစ်ကောင်စီတပ်တွေကမီးရှို့ခဲ့တာကြောင့်မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးနေခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထိုးနေချိန်မှာဒေသခံပြည်သူ၂ဝဦးကိုဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းပြီးနောက် အိမ်တွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတချို့ရဲ့ပြန်လည်ပြောပြချက်တွေအရသိရပါတယ်။ စစ်ကောင်စီတပ်တွေမိးရှို့ပြီးပြန်လည်ထွက်ခွာချိန်မှာတော့ဖမ်းဆီးထားတဲ့ဒေသခံတွေကိုပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မှာပဲ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ ညှပ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အနီးနား ရွာတွေက ရာနဲ့့ချီတဲ့ဒေသခံတွေဟာ စစ်ရှောင်နေရပါတယ်။

“နေရပ်စွန့်ခွာပြီးအမြဲတမ်းစစ်ဘေးရှောင်နေရတာကလူ၂ဝဝလောက်ရှိတယ်။ မနက်ကစစ်ကြောင်းဝင်လာလို့ထွက်ရတာက၈ရွာလောက်ရှိတယ် “လို့ဆားလင်းကြိးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က  ကိုမိုးကောင်းကပြောပါတယ်။

ကျောက်မျက်ကျေးရွာနဲ့ပိုင်းတောင်ကြီးကျေးရွာဟာပြီးခဲ့တဲ့လ၁၉ရက်ကကျောက်မျက်တောင်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်တွေကဒေသခံနေအိမ်တွေကိုရွာလုံးကျွတ်မီးရှို့ခဲ့လို့နေရပ်ပြန်စရာမရှိတော့တာကြောင့်အမြဲတမ်းစစ်ရှောင်နေရတာဖြစ်ပါတယ်။

ရေခါးတောင်ရွာ ၊ရေခါးမြောက်ရွာ ၊ ပိုင်းတောင်ကြီးကျေးရွာ ၊ ချောက်တင်းကျကျေးရွာ ၊ မန်ကျည်းတန်းကျေးရွာ ၊ကျောက်တိုင်စုကျေးရွာ ၊ ဆည်တည်းရွာ ၊ကိုင်းကျေးရွာ ၊ မိုးကြိုးပြင်တောင်ရွာနဲ့မိုးးကြိုးပြင်မြောက်ရွာကဒေသခ့တွေဟာဒီကနေ့မနက်ပိုင်းကနေစတင်ပြီးတော့စစ်ရှောင်နေကြရပါတယ်။

“စစ်ရှောင်တွေကရာသီဥတုကပူလာတာရယ်ရေရှားတာရယ်အဓိကအခက်ခဲအနေနဲ့ကြုံရတယ် ။၊ စစ်ရှောင်ရင်တနိုင်တပိုင်ပြယူပြေးရတယ် ။မီးမရှို့ရင်ဘာမှမဖြစ်ပေမယ့်မီးရှို့ရင်ဘာမှမကျန်တော့ဘူး။အခြေခံစားသောက်ကုန်တွေတော့လိုအပ်တာပေါ့ ။စစ်ကြောင်းက၂ကြောင်း၃ကြောင်းညှပ်ထိုးတော့စစ်ရှောင်ရတာလဲအခက်ခဲဖြစ်တယ်’’လို့ကိုမိုးကောင်းကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့််ရှောက်ရေးအသင်း AAPP က အာဏာသိမ်းချိန်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ညနေအထိ စစ်ကောင်စီရဲ့လက်ချက်နဲ့ ၃၁၃၀ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ လူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖြစ်စဉ် ၆၄ ခုပါဝင်ပြီး  ၇၆၆ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး တနိ်ုင်ငံလုံးမှာ စစ်ရှောင် ၁ ဒဿမ ၆ သန်းကျော်၊ ဘာသာရေးအဆောက်အအုံအပါအဝင် မီးရှို့ဖျက်စီးခံရတဲ့ အိမ်ပေါင်း ၅၅ ၀၀၀ ကျော်ရှိပြီး ၄၀၀၀၀ ကျော်က စစ်ကိုင်းတိုင်းကဖြစ်တယ်လို့သိရပါတယ်။