စစ်ကောင်စီဖျက်ဆီးသွားတဲ့ ထူးကြီးရွာအတွက် ရက်ကန်းစင်တွေ စတင်လှူဒါန်း

မတ်၊ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားတဲ့ ရိုးရာ ရက်ကန်းစင်တွေကို ဒေသခံတွေ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လက်ရက်ကန်းစင်အသစ်တွေကို မနေ့ကစပြီး လှူဒါန်းမှုတွေလုပ်နေတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က DNA ကိုပြောပါတယ်။

လတ်တလောမှာ ထူးကြီးရွာအပါအဝင် အနီးအနားရှိ ရွာလေးရွာကို လက်ရက်ကန်းစင်တွေ ပြန်လည်လှူဒါန်းပေးဖို့ လုပ်ဆောင်နေပြီး မနေ့က မတ်လ ၁၄ ရက်နေ့မှာ ရက်ကန်းစင် နှစ်စင်ကို စတင်လှူဒါန်းပေးခဲ့တယ်လို့ သူကဆိုပါတယ်။

” မနေ့ကစပြီးတော့လှူပေးတယ် ။ထူးကြီးနဲ့ တန်ပင်ရွာကဒေသခံ ၂ ဦးရသွားတာပေါ့။ ပစ္စည်းတွေကဝယ်ရတာကတော့လွယ်ပါတယ်။ဒါပေမယ့်သယ်ဖို့ကျတော့ကျနော်တို့မှာလည်း ကိုယ်ပိုင်ကားတွေမရှိတော့ ထော်လဂျီတွေငှားသယ်ရတာဆိုတော့ ကုန်ကျစရိတ်တော့များတယ် ” လို့ သူကဆိုပါတယ်။

S&C အဖွဲ့ဟာ စစ်ဘေး၊ မီးဘေးကြောင့်အိုးအိမ်ဆုံးရှုံးသူတွေကိုပြန်လည်တည်ဆောင်ဖို့ကူညီပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

လက်ရက်ကန်းစင် တစင်ကို တန်ဖိုးအားဖြင့် ကျပ် ၆ သိန်းခွဲဝန်းကျင်ရှိပြီး ယခုလမှာ ၁၀ စင်လှူဒါန်းနိုင်ရန် ရည်ရွယ်ထားပြီး ဧပြီလမှာ နောက်ထပ် ၁၀ စင်ထပ်လှူမယ်လို့သိရပါတယ်။

လက်ရှိမှာ အဲဒီရွာလေးရွာက ဒေသခံ ၁၀၀ ကျော်လောက်ကို မဲစနစ်နဲ့ရွေးချယ်ပြီး ရက်ကန်းစင်တွေကို လှူဒါန်းပေးနေတယ်လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။

” အဓိကတော့ ဒီလုပ်ငန်းနဲ့ တကယ်ကို လုပ်ကိုင်စားသောက်နေတဲ့မိသားစုလည်းဖြစ်တယ်။ အခက်အခဲလည်းဖြစ်နေတဲ့ဒေသခံတွေကို ရွေးချယ်ပြီးတော့လှူတာပေါ့။ အဲဒီတော့ လူက ၁၀၀ ကျော်လောက်ရှိတယ်။အကုန်မဲနှိုက်ပြီး ပေါက်တဲ့လူကိုပေးတာ။ အခုခေါက်ပေါက်ထားတဲ့လူတွေက နောက်တခေါက်ဆိုရင်တော့ ပါဝင်လိုမရတော့ဘူးပေါ့ ” လို့သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းက ထူးကြီးရွာကို ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းက အိမ်ခြေ၆၀၀ ကျော်ထဲက အိမ်ခြေ ၂၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သလို အဓိက လုပ်ငန်းဖြစ်တဲ့ ရိုးရာစက်ရက်ကန်းရုံတွေ လက်ရက်ကန်းရုံတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။


ဓာတ်ပုံ – S&C