ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ခန်းကို ဖမ်းဖို့ ကြိုးစားတဲ့ ရဲတွေနဲ့ ခန်းကို ထောက်ခံသူတွေ ပဋိပက္ခဖြစ်

မတ်၊ ၁၅

ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို ဖမ်းဆီးဖို့ ကြိုးစားရာက ပါကစ္စတန် ရဲတပ်ဖွဲ့ဟာ ခန်းကို ထောက်ခံ အားပေးသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ပါကစ္စတန်ရဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်အဖြစ် ရပ်တည်နေတဲ့ ခန်းကတော့ သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတာဟာ အစိုးရက ဥပဒေ စည်းမျဉ်းတွေကို ဘောင်ကျော်လာတဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

မတ် ၁၄ ရက်က လာဟိုးမြို့မှာရှိတဲ့ ခန်းရဲ့ နေအိမ်နားမှာ ရဲတွေနဲ့ ခန်းရဲ့ အမာခံ အားပေးသူတွေ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက ခန်းကို ဝင်ဖမ်းဖို့ ကြိုးစားရာက အခုလို အခြေအနေတွေ ကြုံခဲ့ရတာပါ။

ခန်းဟာ ဝန်ကြီးချုပ် ဘဝတုန်းက အစိုးရ အနေနဲ့ ရရှိတဲ့ လက်ဆောင်တွေကို ပြန်ရောင်းစားခဲ့ကြောင်း စွပ်စွဲ ခံရပြီးတဲ့နောက် တရားရုံး တခုက သူ့ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တာပါ။ မတ် ၁၄ ရက် ဖြစ်စဉ်မှာတော့ ရဲတွေက ခန်းရဲ့ အိမ်ထိ အရောက်သွားဖို့ ကြိုးစားခဲ့ပြီး ခုခံသူတွေကို မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခန်းရဲ့ အမာခံ အားပေးသူတွေက ကျောက်တုံးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်ပြီး ရဲတွေကို ဟန့်တားခဲ့ကြပါတယ်။

အသက် ၇၀ အရွယ် ခန်းကတော့ သူဟာ အကာအကွယ် အာမခံ ရထားပြီးသား ဖြစ်တာကြောင့် ရဲတွေက လာဖမ်းစရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။ တကယ်တမ်းမှာ အစိုးရက သူ့ကို ဥပဒေတွေကနေ ဘောင်ကျော်ပြီး ဖမ်းဆီး ချုပ်နှောင်ဖို့ ကြံစည်လာတာသာ ဖြစ်တယ်လို့လည်း ခန်းက စွပ်စွဲထားပါတယ်။

သူ့အနေနဲ့ သံတိုင်တွေနောက်မှာ ဘယ်နှရက်ထိ ကြာအောင် အချိန်ကုန်ရမလဲ ဆိုတာကို မသိတဲ့ အခြေအနေမျိုး အတွက်ပါ စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ထားတယ်လို့လည်း ခန်းက ဆက်ပြောပါတယ်။ သူက နေအိမ်ဝင်းထဲထိ ကျရောက်ခဲ့တယ်ဆိုတဲ့ မျက်ရည်ယို ဗုံးအခွံတွေကိုပါ သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

အစိုးရကတော့ ခန်းကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုဟာ ဥပဒေကြောင်း လုပ်ထုံးလုပ်နည်းနဲ့သာ သက်ဆိုင်ပြီး ရွေးကောက်ပွဲအကြို နိုင်ငံရေးအရ ဖိနှိပ်တာ လုံးဝ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ပြီးတော့ ခန်းဟာ ဥပဒေနဲ့အညီ ဖမ်းဆီးမှုကနေ ရှောင်ရှားဖို့အတွက် ပါတီဝင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို လူသားဒိုင်းလို အသုံးချခဲ့တာသာ ဖြစ်တယ်လို့လည်း အစိုးရက တန်ပြန် စွပ်စွဲထားပါတယ်။

ခန်းဟာ ဧပြီလတုန်းက ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရပေမယ့် ရှာဘက်ဇ် ရှရစ်ဖ် ဦးဆောင်တဲ့ လက်ရှိ အစိုးရကို တရစပ် ဖိအားပေးနေဆဲ ဖြစ်သလို အားကောင်းတဲ့ နိုင်ငံရေး ပုံရိပ်ကို ဆက်လက် ဆုပ်ကိုင်ထားပါတယ်။ ရှရစ်ဖ်ဟာ နိုဝင်ဘာလတုန်းကလည်း သူ့ကို လုပ်ကြံဖို့အထိ အားထုတ်ခဲ့တယ်လို့လည်း ခန်းက စွပ်စွဲထားပါသေးတယ်။ အဲဒီတုန်းက မဲဆွယ် စည်းရုံးမှု တခု ပြုလုပ်နေတုန်း သေနတ်နဲ့ ပစ်ခတ် ခံရတာကြောင့် ခန်းရဲ့ ခြေထောက်မှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။

Ref: BBC