ကမ္ဘာ့ဖလားမှာ လေးသင်းပတ်လည် အုပ်စု စနစ်ပဲ ဆက်သုံးဖို့ ဖီဖာဆုံးဖြတ်

မတ်၊ ၁၄

လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်း ၄ သင်းကို တအုပ်စုစီ ယှဉ်ပြိုင်စေတဲ့ စနစ်ဟောင်းကိုပဲ ပြန်လည် ကျင့်သုံးသွားမယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အတည်ပြုလိုက်ပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၃ သင်းစီ ပါဝင်တဲ့ အုပ်စု ၁၆ ခု ပြောင်းလဲ သတ်မှတ်ဖို့ ဖီဖာက ကနဦးအဆင့် ရည်ရွယ်ထားခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို အဲဒီ ပြိုင်ပွဲကစလို့ ၃၂ သင်းကနေ ၄၈ သင်းစီ ပြောင်းလဲလိုက်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ မနှစ်က ကာတာနိုင်ငံမှာ ကျင်းပသွားတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၄ သင်းစီ ပါဝင်တဲ့ အုပ်စုတွေ ခွဲခြားသတ်မှတ်မှု ပုံစံဟောင်းက အောင်မြင်ခဲ့သလို အုပ်စု အပိတ် ပွဲစဉ်တွေအထိ ပရိသတ် အာရုံကို ဖမ်းစားနိုင်ပြီး အကြိတ်အနယ် ရှိခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဖီဖာ အနေနဲ့ ၄ သင်းပတ်လည် ကစားရတဲ့ အုပ်စုပုံစံကို မဖျက်တော့ဘဲ ပြိုင်ပွဲရဲ့ ပုံစံကို အသစ် ပြန်လည် စီစဉ်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ၄ သင်းစီ ပါဝင်တဲ့ အုပ်စုပေါင်း ၁၂ ခု ရှိမှာပါ။ အဲဒီထဲက အုပ်စု ပထမနဲ့ ဒုတိယ စုစုပေါင်း ၂၄ သင်းအပြင် အုပ်စု တတိယ အကောင်းဆုံး ၃ သင်းကပါ နောက်တဆင့်ကို တက်ရောက်ပြီး ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ရမယ်လို့ ဖီဖာက ဆိုပါတယ်။ ဒါကြောင့် ပွဲစဉ် အရေအတွက်ဟာ မူလ လျာထားတဲ့ ပွဲပေါင်း ၈၀ ကနေ ၁၀၄ ပွဲထိ တိုးသွားပါလိမ့်မယ်။

 အခု အပြောင်းအလဲကြောင့် အသင်းတွေ အနေနဲ့ ပွဲဆက်တွေ များတဲ့ဒဏ်ကို ရှောင်လွှဲနိုင်မှာ ဖြစ်သလို ပြိုင်ပွဲဝင် အသင်းတိုင်း အနည်းဆုံး ၃ ပွဲ ကစားခွင့် ရလာမယ်လို့ ဖီဖာက ဆိုပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဲဒီပုံစံသစ်ကို ရဝမ်ဒါမှာ ကျင်းပတဲ့ ဖီဖာ ကောင်စီ အစည်းအဝေးမှာ အတည်ပြု သတ်မှတ်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်ကနေ လက်ရှိ အချိန်ထိ ကျင့်သုံးခဲ့တဲ့ စနစ်အရတော့ ၄ သင်းစီပါဝင်တဲ့ အုပ်စုတွေက ထိပ်ဆုံး ၂ သင်းသာ ရှုံးထွက် အဆင့်ကို တက်ရောက်ခွင့် ရှိပါတယ်။ ၂၀၂၆ မှာတော့ ၃၂ သင်း ရှုံးထွက်အဆင့် ထပ်တိုးလာတာကြောင့် ဗိုလ်လုပွဲ တက်မယ့် အသင်းတွေဟာ အရင်က ၇ ပွဲသာ ကစားဖို့ လိုပေမယ့် နောက်ဆို ၈ ပွဲထိ ကစားကြရတော့မှာလည်း ဖြစ်ပါတယ်။ 

Ref: FIFA