နိုင်ငံကူးလက်မှတ်အတွက် အွန်လိုင်းရက်ချိန်းယူတဲ့စနစ်သစ်ချို့ယွင်းမှုကြောင့် ငွေကြေးဆုံးရှုံးသူတွေပြန်မရ

မြန်မာနိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းကနေ Booking စနစ်နဲ့ လျှောက်တဲ့နေရာမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ နည်းပညာချွတ်ယွင်းမှုတွေကြောင့် ငွေကြေးဆုံးရှုံးသူတွေဟာ အဲ့ဒီငွေတွေ ပြန်မရကြဘူးလို့ ဒီစနစ်အသုံးပြုနေသူတွေဆီက သိရပါတယ်။
 
” အွန်လိုင်းကနေ Booking စယူဖို့ လုပ်တော့ တော်တော်လေးအဆင်ပြေတယ်၊ ဘဏ်အတွက်ပိုက်ဆံ သုံးသောင်းလည်း သွင်းပြီးရော လိုင်းကကျသွားတာ၊ အဲ့ဒါကို ပြန်ဝင်တော့လည်း မရတော့ဘူး၊ လိုင်းပြန်ကောင်းလို့ ပြန်ဝင်တော့ မရတော့ဘူး၊ ပိုက်ဆံလည်း ပြန်မရတော့ဘူး ” လို့ စင်ကာပူနိုင်ငံကို ပညာသင်သွားရောက်မယ့် အမျိုးသမီးတဦးက ပြောပါတယ်။
 
ဒါ့အပြင် နိုင်ငံကူးလက်မှတ်ကို လျှောက်ထားတဲ့နေရာမှာ အိမ်ထောင်စုစာရင်းမှားယွင်းတာ၊ တချို့ကိုယ်ရေးအချက်အလက် မှားယွင်းဖြည့်သွင်းမိသူတွေဟာလည်း ဘဏ်သွင်းငွေတွေ ဆုံးရှုံးနေကြရပြီး ပြန်မရဘူးလို့ ပြောကြပါတယ်။
 
အဲ့ဒီလို နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုနဲ့ ကိုယ်တိုင်အချက်အလက်မှားဖြည့်မိလို့ ဘဏ်သွင်းငွေ ဆုံးရှုံးသွားသူတွေဟာ နောက်တကြိမ် အွန်လိုင်းရက်ချိန်းယူဖို့ ကြိုးစားချိန်မှာ ကျသင့်ငွေကိုလည်း နောက်တခါ ထပ်မံဖြည့်သွင်းနေကြရတာပါ။
 
ဘဏ်သွင်းငွေဆုံးရှုံးမှုဖြစ်ရတဲ့ အခြေအနေဟာ လျှောက်တဲ့သူအနေနဲ့ အချက်အလက်မှားယွင်းတာ၊ လက်ကိုင်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာနဲ့ လျှောက်ထားရာမှာ အသုံးပြုတဲ့ ဖောင့်စာလုံးမှားယွင်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
 
” ဒီစနစ်ကြီး အဆင်ပြေမလိုလိုနဲ့ ၊ အဆင်မပြေဖြစ်နေတာ၊ အခုက လျှောက်တဲ့နေရာမှာ သေချာဂရုစိုက်ဖို့လည်း လိုတယ်၊ တချက်ကလေးလွဲသွားတာနဲ့ ဆာဗာက အရမ်းကျပ်နေတော့ ကျသွားရော၊ အဲ့ဒီမှာ ဘဏ်သွင်းငွေက နောက်တခါပြန်သွင်းဖို့ဖြစ်ပြီး ဘဏ်သွင်းငွေတွေ ဆုံးရှုံးရတာဖြစ်တယ် ” လို့ သူက ဆိုပါတယ်။
 
ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ စစ်ကောင်စီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ သတ်မှတ်ဘဏ်စာရင်းထဲ ရောက်သွားတဲ့ ငွေကြေးတွေကို ဘယ်လိုလုပ်ပေးမယ်ဆိုတာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဘက်က ထုတ်ပြန်ရှင်းလင်းတာမျိုး မရှိပါဘူး။
 
အချက်အလက်ဖြည့်သွင်းမှု မှန်ကန်ပေမယ့် ငွေသွင်းပြီးနောက် ဆာဗာကျသွားတဲ့သူတွေအနေနဲ့တော့ အဲ့ဒီဝက်ဘ်ဆိုဒ်ထဲက ရက်ချိန်းစစ်ဆေးရန်နေရာမှာ အချက်အလက်တွေ ပြန်ဖြည့်သွင်းပြီး ပြန်လည်စစ်ဆေးနိုင်တယ်လို့တော့ ထုတ်ပြန်ထားပါတယ်။
 
“တချို့ကတော့ ပြောရရင် စာအုပ်ရဖို့ပဲ မဲနေတော့ ဒီလိုဖြစ်သွားလည်း နောက်တခေါက်လျှောက်ကြတာပေါ့၊ ဒါပေမယ့် ကိုယ့်ရဲ့အချက်အလက်မှားလို့ ဒီလိုဆုံးရှုံးတယ်ဆိုရင် လက်ခံတယ်၊ သူတို့ဆာဗာက ဖြစ်တာလေ၊ Error ဖြစ်သွားတယ်ဆိုရင်တောင် ဘဏ်ငွေသွင်းစာရင်းမှာ ပေါ်တာပဲလေ၊ ပြန်စိစစ်ပြီး အချက်အလက်ပြန်ဖြည့်ခိုင်းပေါ့၊ ဒါမျိုးတော့ ဖြစ်စေချင်တယ် ” လို့ စင်ကာပူနိုင်ငံကို ပညာသင်သွားရောက်မယ့် အမျိုးသမီးတဦးက ပြောပါတယ်။
 
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူကတော့ အဲ့ဒီလို မှားယွင်းမှုနဲ့ နည်းပညာချို့ယွင်းမှုကြောင့် ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘယ်လိုပြန်ဖြေရှင်းပေးမယ်ဆိုတာ လက်ရှိအထိတော့ မသိထားဘူးလို့ ပြောပါတယ်။
 
“ အဲ့လို Error တက်တာကို ဘာမှပြန်လုပ်ပေးနိုင်မယ် မထင်ဘူး၊ ဘာလို့လည်းဆိုတော့ ဥပမာ လျှောက်တဲ့သူက အချက်အလက်မှားသွားပေမယ့် တကယ့်ဘဏ်စာရင်းမှာကျတော့ သူမှာရှိ တဲ့နာမည်နဲ့ ငွေသွင်းချလံဖြတ်ပြီးပြီလေ၊ ဖြစ်နိုင်တာက ဆာဗာ Error ကြောင့်ဆိုရင်တော့ ပြန်ရတာမျိုး ဖြစ်နိုင်ပေမယ့် အခုကတော့ ပြန်မရဖို့များတယ် ” လို့ သူက ဆိုပါတယ်။
 
လက်ရှိ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့အတွက် အွန်လိုင်းကနေ ရက်ချိန်းယူသူတွေဟာ ကျသင့်ငွေကိုပါ တပါတည်း ပေးသွင်းရတာဖြစ်ပြီး နိုင်ငံကူးလက်မှတ် အသစ်လုပ်ဖို့အတွက် ကျပ် (၃၅၀၀၀) နဲ့ ပျောက်ဆုံး/ ပျက်စီး မှုတွေအတွက် ကျပ် (၇၀၀၀၀)ကျော် ပေးသွင်းရတာပါ။
 
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ မှတ်တမ်းတွေအရ အဲ့ဒီစနစ်စတင်အသုံးပြုတဲ့ ဖေဖော်ဝါရီ ၂၄ရက် တရက်တည်း အွန်လိုင်းကနေ ရက်ချိန်းယူသူ (၈၅၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီစနစ်စတင်အသုံးပြုချိန်ကနေ လက်ရှိအထိ အွန်လိုင်းကနေ ရက်ချိန်ယူသူအရေအတွက်နဲ့ ပေးသွင်းလိုက်တဲ့ ကုန်ကျငွေ ဆုံးရှုံးလိုက်ရသူ ဘယ်နှဦးအထိ ရှိနေတယ်ဆိုတာကိုတော့ မသိရပါဘူး။ အဲ့ဒီလို ဆုံးရှုံးမှုအပြင် အွန်လိုင်းကနေ ရက်ချိန်းယူပေးမယ်လို့ဆိုကာ လိမ်လည်ခံရလို့ နိုင်ငံကူးလက်မှတ်လျှောက်မယ့် ကုန်ကျစရိတ် လိမ်လည်ခံလိုက်ရသူတွေလည်း ရှိပါတယ်။

ဓာတ်ပုံ – DNA