ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ခေါင်းထဲ ထည့်မထားတဲ့ အာဆင်နယ် မန်နေဂျာ အာတီတာ

မတ်၊ ၁၄

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတယ်ဆိုတဲ့ သတင်းတွေကို ခေါင်းထဲ ထည့်မထားကြောင်း အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပြောပါတယ်။

 စပိန်ထိပ်တန်း ဘောလုံးကလပ်ဟာ လက်ရှိရာသီမှာ အသင်းမန်နေဂျာ ကာလို အန်ဆလော့တီရဲ့ စွမ်းဆောင်ရည်တွေအပေါ် အားမရတဲ့အတွက် ရာသီကုန်မှာ မန်နေဂျာ အပြောင်းအလဲလုပ်ဖို့ လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ် ဘုတ်အဖွဲ့ရဲ့ လောလောဆယ် ဦးစားပေး နံပါတ်တစ် ပစ်မှတ်ကတော့ အာဆင်နယ်ကို အင်္ဂလန် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာ ပို့ဆောင်ပေးထားတဲ့ စပိန်သား အာတီတာ ဖြစ်တယ်လို့လည်း စပိန် မီဒီယာ တချို့က ဖော်ပြနေပါတယ်။

 ရီးရဲလ်ဟာ အခုရာသီ စပိန်လာလီဂါ အမှတ်ပေး ချန်ပီယံ လုပွဲမှာ ခါးသီးပြိုင်ဘက်ကြီး ဘာစီလိုနာနောက် ၉ မှတ်ထိ ပြတ်ကျန်နေခဲ့ပါတယ်။ ပြီးတော့ စပိန် ရှုံးထွက်ဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့မှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ထားပါသေးတယ်။ ဒီအခြေအနေတွေကြောင့် အီတလီသား အန်ဆလော့တီဟာ ရီးရဲလ်မှာ အချိန်သိပ်ပြီး မကျန်နိုင်တော့ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

 ရီးရဲလ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး အာတီတာက ကစားသမားတွေ၊ မန်နေဂျာတွေ အနေနဲ့ သတင်းတွေမှာ ရေးနေတာတွေ မှန်သမျှကို လိုက်ထိန်းချုပ်လို့ မရကြောင်း၊ လောလောဆယ် သူဟာ အာဆင်နယ်က အလုပ်တွေကိုပဲ အပြည့်အဝ အာရုံစိုက်ထားသလို ဒီအသင်းက သူ့လက်အောက်မှာ စွမ်းဆောင်ပြနေတာတွေအတွက် အထူး ဂုဏ်ယူနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

 အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ ၁၂ ပွဲသာ လိုတော့တဲ့ အချိန်မှာ ဒုတိယ နေရာက မန်ချက်စတာ စီးတီးကို ၅ မှတ်ဖြတ် ဦးဆောင်နေသလို ဥရောပ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။