နယ်မြေမတည်ငြိမ်လို့ကျိုက်ထီးရိုးက အထမ်းသမားတွေ ကျပန်းလုပ်ကိုင်နေရ

မတ်၊ ၁၃

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်မှာတိုက်ပွဲမကြာခနဖြစ်ပွားတာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့်တောင်ထမ်းသမားသမားတွေဟာစားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေကြရပါတယ်။

ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ဖြစ်တဲ့ကဒိုင်ဒွတ်၊ကျောက်ဖျာ၊မဲရုံးကြီးစတဲ့ကျေးရွာတွေမှာပြီးခဲ့နှစ် နိုဝင်ဘာလကနေအခုနှစ်မတ်လဒုတိယအပတ်အထိတိုက်ပွဲဖြစ်ပွားနေတာနဲ့နယ်​မြေမတည်ငြိမ်မှုတွေရှိနေတာပါ။

အခုလိုနယ်မြေမတည်ငြိမ်တာနဲ့တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်လျော့နည်းလာတာနဲ့အတူဘုရားဖူးတွေအတွက်ဝန်ဆောင်မှုပေးနေကြတဲ့တောင်ထမ်းသမားအရေအတွက်တွေဟာလျော့နည်းလာတယ်လို့ ကင်းမွန်းချောင်းကျေးရွာကစျေးသည်အမျိုးသမီးတဦးကပြောပါတယ်။

“မနှစ်နိုဝင်ဘာလထဲက တောင်ထမ်းသမားတွေလျော့သွားတယ်။ ကြားထဲမှာပစ်ခတ်တာမကြာခဏဖြစ်တော့ ဘုရားဖူးခရီးသည်တွေလည်းနည်းသွားတာလည်းပါတယ်။နောက်ကားတွေနဲ့တက်တာရယ်တောင်တက်ရထားစီးတာရယ်ဆိုတော့အထမ်းသမားတွေအလုပ်ပါးသွားတယ်” လို့သူမကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၁၂ရက် ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုဖြစ်ပွါးပြီး ဘုရားဖူးအမျိုူသမီး သုံးဦးသေဆုံးပြီး စစ်ကောင်စီရဲတဦးအပါအဝင် ၁၇ဦးဒဏ်ရာရခဲ့ပါတယ်။

ယခင် စစ်အာဏာမသိမ်းမီကာလမှာကျိုက်ထီးရိုးတောင်အထမ်းအလုပ်သမားအရေအတွက်နှစ်စဥ် ၁၃၀ဦးဝန်းကျင် ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးကာလနဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုဆိုးရွာခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာတော့အလုပ်သမားအရေအတွက်ဦးရေ ၆၀ သာကျန်ရှိတော့တာဖြစ်ပါတယ်။

နှစ်စဥ်ကျိုက်ထီးရိုးတောင်ဖွင့်ပွဲအချိန်အောက်တိုဘာလအတွင်း(သီတင်းကျွတ်လပြည့်နေ့)မှတောင်တက်ခွင့်ပိတ်ချိန်မေလ အတွင်း(ကဆုန်လပြည့်နေ့)အထိ

ဘုရားဖူးအစည်အကားအချိန်အလိုက်တောင်တက်အထမ်းသမားတွေဟာ နေ့စဥ်ဝင်ငွေ တသောင်းအထက်ရရှိကြတယ်လို့တောင်တက်အထမ်းသမားတွေကဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကပ်​ရောဂါ၊နိုင်ငံရေးအခြေအနေနဲ့ နယ်​မြေမတည်ငြိမ်တာတာကြောင့်ဘုရားဖူးခရီးသည်လျော့နည်းလာကာတောင်အထမ်းအလုပ်သမားတွေအပေါ်ပုံမှန်ငှါးရမ်းတာတွေမရှိတဲ့အပြင်အလုပ်သမားရုံးထံနှစ်စဉ်အလုပ်သမားကြေသုံးသောင်းပေးသွင်းနေရတာကြောင့်နေ့စဥ်ဝင်ငွေရရှိဖို့ကြုံရာကျပန်းအလုပ်တွေလုပ်ကိုင်ကာမိသားစုစားဝတ်နေရေးအတွက်ဖြေရှင်းနေကြရတယ်လို့ ရသေ့တောင်မှာနေထိုင်တဲ့တောင်အထမ်းအလုပ်သမားတဦးကဆိုပါတယ်။

” ဘုရားဖူးတွေကအရင်လောက်လည်းမလာတော့ဘူး။လာပြီဆိုရင်လည်းပစ္စည်းတွေသယ်ပို့ပေးရတာလည်းအရင်လိုပုံမှန်မရှိတော့ ဆိုင်ကယ်ကယ်ရီဆွဲနေရတယ်။အလုပ်မရှိတော့ ဂေါတမ ဘုရားတည်တဲ့နေရာမှာပန်းရံသွားလုပ်နေရတဲ့သူလည်းရှိတယ်။ တောင်တက်အထမ်းသမားခ နှစ်စဉ်ကြေသုံးသောင်းပေးနေရတော့ မရှာလို့လည်းမရဘူး။အခုအလုပ်ကလည်းမသေချာတော့ စားဖို့သောက်ဖို့အတွက်မဖြစ်မနေရှာနေရတယ်” လို့သူကဆိုပါတယ်။

တောင်အထမ်းအလုပ်သမားတွေဟာ ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ကကျေးရွာတွေဖြစ်တဲ့ရသေ့တောင်၊မိုးဘောနဲ့နတ်စင်စတဲ့ကျေးရွာတွေကလာရောက်လုပ်ကိုင်နေကြတာဖြစ်ပြီးလက်ရှိနယ်မြေမတည်ငြိမ်တာကြောင့် မြို့အတွင်းမှာ ကျပမ်းကုန်ထမ်းအလုပ်သမားအဖြစ်သာမက နယ်စပ်ဒေသဖြစ်တဲ့မြဝတီမြို့အထိ သွားရောက်ကာအဆင်ပြေသလိုလုပ်ကိုင်နေကြရတယ်လို့အလုပ်သမားတွေကပြောပါတယ်။

 အခုလိုကြုံရာကျပမ်းလုပ်ကိုင်နေရတဲ့အပြင်အလုပ်အကိုင်အဆင်မပြေတာတွေကြောင့်ထိုင်းနိုင်ငံထံအလုပ်အကိုင်အသစ်ရှာဖွေဖို့ထွက်ခွာ တာတွေရှိလာနေကာအချိန်တခုအကြာမှာတောင်အထမ်းသမားအလုပ်အကိုင်တွေတွေအနေနဲ့ ရပ်နားဖွယ်ရှိနေတယ်လို့ ကျိုက်ထီးရိုး တောင်အထမ်းအလုပ်သမားအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

  ” တောင်အထမ်းသမားအလုပ်ဆိုတာရေရှည်မလုပ်တဲ့သူများတယ်။ ပြီးတော့နေ့တိုင်းဝင်ငွေရနေတာမဟုတ်ဘူး။အဲတော့အလုပ်အသစ်ရှာဖို့တချို့ဆိုမြဝတီကိုထွက်တာတို့ထိုင်းမှာအလုပ်သွားလုပ်တာများလာတယ်။လက်ရှိမှာတောင် အလုပ်လုပ်န်ိုင်သူအရေအတွက်က ဆယ်ဂဏန်းလောက်ပဲကျန်တော့တယ်။အချိန်တခုကြာလာရင်တော့တောင်အထမ်းသမားအလုပ်တွေဟာရပ်နားသွားနိုင်ပါတယ်” လို့သူကပြောပါတယ်။

ကျိုက်ထီးရိုးတောင်တက်အထမ်းသမားတွေထဲမှာလူငယ်လူရွယ်တွေအများဆုံးပါဝင်နေပြီး တောင်တက်ခြေလျင်တက်ဘုရားဖူးတွေအတွက် အဝတ်အစားအိတ်သယ်ဆောင်ပေးတာ တောင်ပေါ်ကစျေးဆိုင်တွေထံစား​သောက်ကုန်ပစ္စည်းထမ်းယူပို့ဆောင်ပေးတာအတွက်ငွေကြေးဖြင့်ငှါးရမ်းလုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့သိရပါတယ်။