မတ်၊ ၁၃
မွန်ပြည်နယ်က မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့တွေက ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးပိုစိပ်လာပြီး ဖမ်းဆီးခံရတဲ့သူတွေ အများစုက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
‘’သူတို့အားလုံးကို စစ်ကောင်စီက နေအိမ်မှာ ဧည့်စာရင်းဝင်စစ်ရာမှ အဖမ်းခံရတာ၊ လမ်းသွားလာရင်းနဲ့ ဖမ်းဆီးခံရတာတွေအပါအဝင် မသင်္ကာမှုနဲ့ ဖမ်းဆီးခံရသူတွေ ပါဝင်ပြီး အဲဒီအထဲက အများစုက ဖမ်းဆီးခံရချိန်ကနေ ဒီကနေ့အထိ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူး’’လို့ မော်လမြိုင်ဒေသခံတဦးကပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၈ ရက်ကနေ ၁၂ ရက်အထိ မော်လမြိုင်၊ ပေါင်နဲ့ ကျိုက်ထိုမြို့နယ်တွေက အသက် ၂၀ ကျော်အရွယ်လူငယ်တွေဖမ်းဆီးခံရပြီးအဲဒီထဲမှာ အမျိုးသား ခြောက် ဦးနဲ့ အမျိုးသမီး ငါးဦးပါဝင်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေထဲက မည်သည့်နေရာမှာ ထိန်းသိမ်းထားတာကို မသိရတာကြောင့် သူတို့တွေ မတရားညှင်းပမ်းနှိပ်စက်ခံရမှာနဲ့ သတ်ဖြတ်ခံရမှာကို စိုးရိမ်တယ်လို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ အခုထိအဆက်အသွယ်မရသေးဘူးဆိုတော့ သူတို့အတွက် စိုးရိမ်ရတယ်။ ဘယ်လောက်ထိ ညှင်းပမ်းနှိပ်စက်ခံနေရမှာလည်း၊ သတ်ဖြတ်ခံရမှာလည်း မိသားစုတွေက စိုးရိမ်နေရတယ်။ အခု သူတို့မိသားစုတွေကတော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်နေတယ်လို့ သိထားရတယ်။” ဟု ၎င်းက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကာလမှာ သေဆုံးသူ ၃၁၂၄ဦး ရှိပြီးစစ်ကောင်စီတပ်တွေဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံးတာ၊ ဖမ်းဆီးခံရပြီး နောက်ရက်မှာ အလောင်းပြန်ပေးတာ၊ သေဆုံးပေမယ့် အလောင်းတောင်ပြန်မပေးတဲ့ဖြစ်စဉ်တွေရှိပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ညဘက်တွေမှာ လှည့်ကင်းထွက်ပြီး လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေလည်း ပိုမိုလုပ်ဆောင်နေပါတယ်။
အဲဒီမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရပြီး ငွေကျပ် ၅ သိန်းနဲ့ အရွေးခံလိုက်ရတဲ့ ပေါင်မြို့နယ်ကအရပ်သားတဦးက အခုလို ပြောပါတယ်။
“ အကို့ညီက ခြံကနေ ပြန်လာတာ။၉ ရက်နေ့က သူတစ်ယောက်ထဲ ညနေမိုးမချုပ်ခင်အချိန် ၆ နာရီကျော်လောက်မှာ။နောက်နေ့မနက် ကျတော့ စခန်းကနေတဆင့် သူဖုန်းဆက်လာတယ်။ သူအဖမ်းခံရတဲ့အကြောင်းပြောပြီး၊ ပိုက်ဆံပေးရမယ်တဲ့၊ ဘာလို့ ပေးရမလည်း မေးတော့ မသင်္ကာမှုနဲ့ ဖမ်းထားတာ၊ အခန့်မသင့်ရင် နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲခံရမယ်လို့ ပြောတယ်။ ပိုက်ဆံကတော့ ၅ သိန်းနဲ့ သွားရွေးလိုက်ရတယ်။” ဟု ၎င်းက ပြောပါတယ်။
ဒီလို စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွေအပေါ် မတရားဖမ်းဆီးငွေညှစ်ထားတဲ့ဖြစ်စဉ်တွေကို ပြင်ပမပေါက်ကြားစေဖို့နဲ့ သတင်းမီဒီယာတွေကို မဖြေကြားဖို့ ကာယကံရှင်မိသားစုတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ညကလည်း မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးကို နိုင်ငံရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အလောင်းကိုသာ မိသားစုဝင်တွေထံ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံမှု ၅၀ ထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲက သေဆုံးသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် သေနတ်နဲ့ပစ်သတ်ခံရတာ၊ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးတာတွေနဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်တာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။