လက္ကပင်ကျေးရွာမှာအလောင်းခုနှစ်လောင်းတွေ့၊ ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ခြောက်ဦးပျောက်ဆုံးနေ

မတ်၊ ၁၃

မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာ ကိုစစ်ကောင်စီတပ်တွေကဝင်ရောက်စီးနင်းပြီးနောက် မနေ့ကအချိန်ထိသေဆုံးသူအလောင်း ၇ လောင်းပြန်လည်တွေ့ရှိပြီးပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ၆ဦးတပတ်ကြာတဲ့အထိပျောက်ဆုံးနေတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ ကဒေသခံ၁၇ ဦးထက်မနည်းကိုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို မတ်လ(၅)ရက်၊နံနက်(၅နာရီ)ခန့်က စတင်ပြီးဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေသခံအရပ်သားတဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကို ပစ်သ တ်ခဲ့ပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးရဲ့အလောင်းကို မြစ်ထဲမှာတွေ့ရှိပြီး ကျန်တဲ့ အရပ်သားတဦးနဲ့ အခြားက တိမ်းရှောင်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ငါးဦးကို ပြည်ကြီးတံခွန်ဆရာတော်ကို ဖမ်းဆီးစဉ်မှာ ပစ်သတ်ခဲ့တာပါ။ 

ဒါပေမယ့် ပြည်ကြီးတံခွန်ဆရာတော်နဲ့ အခြားငါးဦးကတော့ ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်ပြီး ဆရာတော်နဲ့ပတ်သတ်ပြီး ဖြစ်လာတာတွေကို စစ်ကောင်စီက တာဝန်ခံရမယ်လို့ မန္တလေးသပိတ်အင်အားစုတွက ပြောကြားထားပါတယ်။

“သေဆုံးတာတွေ့တာကတော့၇ လောင်းရှိပြီ။ ဘုန်းကြီးကျောင်းမှာခနလာရှောင်တဲ့ PDF ကလေးတွေ။အဲ့အဖွဲ့ကတဖွဲ့လုံးနိးနီးလောက်သေတယ်ထားပါတော့ဗျာ ”လို့လက္ကပင်ပကဖခေါင်းဆောင်က DNAကိုပြောပါတယ်။  

စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံ၁၅၀ဦးခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမယ့်  မကြာခင်မှာပဲ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့လည်းသိရပါတယ်။ 

သေဆုံးသူ ခုနှစ်ဦးထဲက တဦးရဲ့အလောင်းကို ကို မတ်လ(၉)ရက်နေ့ညနေပိုင်းမှာ ဧရာဝတီမြစ်ထဲက တွေ့တာကြောင့် သင်္ဂြိုလ်ပေးခဲ့တယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

“ကျွန်တော်ဒဏ်ရာ တွေလှန်ကြည့်လိုက်တာကတော့မှောက်တော့မကြည့်လိုက်တော့ဘူး။ ဘယ်ဘက်နို့အုံအောက်ကိုဓားနဲ့တချက်ထိုးပြီးမလည်ပင်းကိုလှီးဖြတ်ပြီးသတ်သွားတယ်။ပြည်ကြီးတံခွန်ကျောင်းမှာလာတိမ်းနေတဲ့တော်လှန်ရေးသမားတွေသူတို့အကုန်လုံးကသေနတ်နဲ့ပစ်ခံရတာလေ။အဲ့ဒီမှာတင်သူတို့က၆ယောက်လောက်သေသွားတယ်”လို့လက္ကပင်ကျေးရွာပကဖခေါင်းဆောင်ကဆိုပါတယ်။ 

ဖမ်းဆီးခံရပြီးပျောက်ဆုံးသူ ခြောက်ဦးမှာ ကျေးရွာပကဖအဖွဲ့ဝင် သုံးဦးနဲ့လက္ကပင်ရွာက ဘုန်းကြီးကျောင်းမှာ လာရောက်တမ်းရှောင်နေတဲ့  ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် သုံးဦးဖြစ်တယ်လို့လည်း သိရပါတယ်။

“စီးခံရတာတော့ကင်းတဲကိုအရင်စီးခံရတာ။ကျွန်တော့်အဖွဲ့အစည်းကဓားစာခံ၆ယောက်ပါသွားတယ်။

၆ယောက်ပါသွားတဲ့ထဲက၂ယောက်ကလွတ်ခဲ့တယ် ။တစ်ယောက်က  ၉ရက်နေ့က ကျွန်တော်အလောင်းတွေ့လို့ သွားသဂြိုလ်ခဲ့တယ်။ သုံးယောက်ပျောက်နေတုန်း”လို့လက္ကပင် ပကဖ ခေါင်းဆောင်ကပြောပါတယ်။

လက်ရှိအခြေနေမှာပြည်ကြီးတံခွန်ဆရာတော်နဲ့ပါတ်ပြီး သေဆုံးတယ်၊မြင်းမူမှာဖမ်းဆီးခံထားရတယ်စသဖြင့်သတင်းတွေထွက်ပေါ်နေပေမယ့်DNA အနေနဲ့သီးခြားအတည်ပြုလို့မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက္ကပင်ကျေးရွာကိုဝင်ရောက်စီးနင်းချိန်မှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအပြင် ပြည်သူနေအိမ်တွေကိုပါဖောက်ထွင်းခိုးယူတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ 

ဆန်စက်တစ်ခုဆီကငွေကျပ်သိန်း(၇၀၀) နဲ့အခြားမိသားစုတစ်စုကပါသွားတဲ့ငွေကြေးတန်ဖိုးဟာများပြားကြောင်း ပြန်ရမှာလည်းမဟုတ်တဲ့အတွက်မဖော်ပြလိုကြောင်းပြောကြားခဲ့တယ်လို့လဲဒေသခံတွေရဲ့ပြန်လည်ပြောပြချက်တွေအရသိရပါတယ်။ 

စစ်ကောင်စီတပ်တွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့တာတိုင်ကျေးရွာမှာတော့ ဒေသခံပြည်သူတွေအနေနဲ့စိုးရိမ်ျကြောင့်ကြနေကြပြီး ငွေကြေးတတ်နိုင်တဲ့ဒေသခံတွေဟာနေရာပြောင်းရွှေ့ နေထိုင်နေကြပြီး ငွေကြေးမတတ်နိုင်သူတွေဟာအခြားနေရာတွေမှာသွားရောက်ခိုလှုံနေကြရပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့လုံခြုံရေးပေးထားပြီးရွာသူရွာသားတွေကိုနေရပ်ပြန်နိုင်အောင်စီစဉ်ပေးနေတာကြောင့်တချို့တဝက်ဟာနေရပ်ပြန်နေကြပြီလို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့၊ နမ်းနှိမ်ကျေးရွာက သံဃာတော် သုံးပါးအပါအဝင် အရပ်သား၃၀ ထက်မနည်းကို အစုလိုက်ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်တယ်လို့ KNDF က စွပ်စွဲထားပေမယ့် စစ်ကောင်စီကတော့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့ ဘီဘီစီကိုဖြေကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကစပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၂ကျော်ကျူးလွန်ထားတယ်လို့ မတ်လ ၆ ရက်ကသတင်းစာရှင်းလင်းပွဲပြောထားပါတယ်။

အဲဒီထဲက ၂၄ မှုကို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မှတ်တမ်းတင်ထားပြီး လူ့အခွင့်အရေးကောင်စီအစည်းအဝေးကနိုင်ငံတွေအနေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုအပြင်းအထန်ရှုတ်ချဖို့နဲ့ ဟန့်ထားတဲ့အရေးယူမှုတွေကိုဦးတည်တဲ့ ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းထားပါသေးတယ်။