Blazon ကွန်ဒိုကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး အမျိုးသမီးတဦးကို ဖမ်းဆီး

မတ်၊ ၁၃

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် Blazon ကွန်ဒို (ပင်လုံထိပ်ထား စံအိမ်)ကို မနေ့က မတ်လ ၁၂ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၁၅ယောက် ဝန်းကျင်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတဦးကို ဖမ်းဆီးသွားတယ်လို့ အဲ့ဒီကွန်ဒိုနဲ့အနီးရပ်ကွက်ဖြစ်တဲ့ မြေနီကုန်းမြောက်ရပ်ကွက်နေ ပြည်သူတချို့က DNA ကို ပြောပါတယ်။ 

“DC ကားနှစ်စီး၊ ရဲကားတစီးနဲ့ လာတာ နာရီဝက်လောက်တော့ကြာတယ်၊ ဖမ်းသွားတဲ့အမျိုးသမီးကိုတော့ ရဲကားနဲ့ ခေါ်သွားတာ တွေ့လိုက်တယ်”လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိတဲ့ မြေနီကုန်း မြောက်ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက Blazon ကွန်ဒိုကို သတင်းရလို့ ဝင်ရောက်စီးနင်းရှာဖွေတာဖြစ်နိုင်ပြီး လာရောက်ချိန်မှာ အခန်းအမှတ်အတိအကျနဲ့ လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့လည်း အဲ့ဒီကွန်ဒိုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်၊ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာတွေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ – imyanmarhouse