လောင်းလုံးမှာ စစ်တပ်ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် တပတ်အတွင်းစစ်ရှောင်သုံးဆတိုး

မတ်၊ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လပထမပတ်ကစလို့စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုတွေလုပ်နေသလိုနေအိမ်မီးရှို့မှုတွေလည်းရှိနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေတိုးလာတယ်လို့ဒေသခံတွေကပြောပါတယ်။

လောင်းလုံမြို့ အနောက်ဘက် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ကရင်ကြီး၊ ကမ်းပနီ၊ ပညစ် စတဲ့ ကျေးရွာ ၆ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို လက်ရှိမှာလည်း တခြားရွာတွေဘက်ကိုဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ရသူတွေပိုပြီးများလာတာဖြစ်တယ်လို့ဆိုပါတယ်။

“သူတို့က ရွာထဲဝင်လာတာနဲ့ သေနတ်တွေကို ထုတ်ပြီး မဲမဲမြင်ရာ ရမ်းသမ်း ပစ်တော့တာပဲ၊  အကုန်လုံးက ကြောက်ပြီး ရွာထဲက ထွက်ပြေးကြတယ်။ အဲဒီအခါကျမှာ အိမ်တွေထဲဝင်မွှေပြီးလိုချင်တာတွေယူတာ။ တချို့

အိမ်တွေဆိုရင်လည်းမီးရှို့ပစ်ခဲ့တာရှိတယ်’’ လို့ စစ်ရှောင်ရတဲ့ ဒေသခံတဦးကပြောပါတယ်။ မနေ့မတ်လ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာသဘော့ဆိပ်ကျေးရွာထဲကိုစစ်ကြောင်းထိုး

ဝင်ရောက်လာမယ်ဆိုတဲ့သတင်းတွေကြောင့် သဘော့ဆိပ်ရွာနဲ့ အနီးအနားကကျေးရွာတွေဟာဘေးလွတ်ရာထွက်ပြေးကြရပြန်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

လတ်တလောအခြေအနေတွေကြောင့် မတ်လ အစောပိုင်းမှာ လောင်းလုံးမှာစစ်ရှောင်သူ ၃၇၀ ဝန်းကျင်ကနေအခုတပတ်အတွင်းမှာပဲ စစ်ရှောင် ၂၀၀၀ ဝန်းကျင်အထိရှိလာနေပြီလို့ စစ်ရှောင်အရေးကူညီသူတွေကဆိုပါတယ်။

  “ပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့ တသားထဲရှိနေတဲ့ အခါကြ သူတို့က အဲ့ဒီအပေါ်မှာ အတော်လေးစိုးရိမ်ပုံရတယ်။ ပြည်သူလူထုက လက်နက်ကိုင် တော်လှန်ရေးကို မထောက်ခံရဲအောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ နီးကပ်တဲ့ရွာတွေကို ဝင်ပြီး စစ်ကြောင်းထိုးတာမျိုး၊ နေအိမ်မီးရှို့တာမျိုး၊ တွေ့သမျှလူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်တဲ့အခါကြတယ်။  ဆိုလိုတာက လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူလူထုနဲ့ ကွာသွားအောင်လုပ်ချင်တဲ့ပုံမျိုးတွေ့ရတယ်”လို့  ထားဝယ်နဲ့

လောင်းလုံးမှာမြေပြင်သပိတ်တွေဦးဆောင်နေတဲ့ ကိုမင်းလွင်ဦးက DNA ကိုပြောပါတယ်

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက နေအိမ်၂၀၀ခန့်ရှိတဲ့ ပညစ်ရွာကို လက်နက်ကြီးနဲ့  ပစ်ခတ်ပြီး  အိမ်တချို့ကိုမီးရှို့ဖျက်ဆီးခဲ့သလို အပြစ်မဲ့ပြည်သူ ၇ဦးကိုလည်းဖမ်းဆီးတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အကြောင်းဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြား တနင်္သာရီတိုင်းတတိုင်းလုံးအနေနဲ့ စစ်ရှောင်သုံးသောင်းကျော်အထိရှိလာပြီလို့လည်း စစ်ရှောင်အရေးအကူအညီပေးနေသူတွေကထုတ်ပြန်ထားကြပါတယ်။