KPDP ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို အင်းတော်မြို့အနီးမှာ ကြားဖြတ်တိုက်၊ ဆယ်ဦးနီးပါးသေဆုံးဟုဆို


မတ်၊ ၁၂

စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ် ကသာ- နဘားကားလမ်း ဆယ်မိုင်ကျောက်ကွဲစက်အနီးမှာ KIA ၊ KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်း ၊မတ္တရာမြို့မှတဆင့် ထွက်ခွာလာတဲ့ အစီး ၅၀ လောက်ပါတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အဲဒီနေရာက ရွာတွေမရှိဘူးဗျ ။လူပြတ်တဲ့နေရာမှာဖြစ်တာပါ။ မတ္တရာကထွက်လာတဲ့ ယာဉ်တန်းကို တိုက်ခိုက်ကြတာပါ။ နာရီဝက်တော့ကြာတယ် ။အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ စစ်အုပ်စုက ကောင်တွေအခုတော့ အဲဒီနားမှာ မရှိတော့ဘူး ” လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးအဖွဲ့တွေက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်အုပ်စုရဲ့ ကား နှစ်စီးမီးလောင်ပျက်ဆီးခဲ့သလို ၁၀ ဦးနီးပါးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံလူထုရဲ့ မျက်မြင်ပြောကြားချက်တွေကို ကိုးကားပြီး အင်းတော် ရီဖော်လူးရှင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

” ပျက်စီးသွားတဲ့ ကား၂စီးကို အရပ်သားကားတွေချောဆွဲပြီး ပင်းမလွတ်ရွာထဲကိုသယ်သွားတယ်။ သေတဲ့ကောင်တွေကိုတော့ အင်းတော် စစ်တပ်ကုန်းမှာ မြုပ်နှံတာပေါ့ ” လို့ အင်းတော် ရီဖော်လူးရှင်းက တာဝန်ရှိသူ တဦးကဆိုပါတယ်။

လက်ရှိမှာ အဲဒီစစ်အုပ်စုရဲ့ ယာဉ်တန်းဟ အင်းတော်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အတွက် အနီးနားက နေရာတွေကိုစစ်ကြောင်းထိုးမှာ ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

” ဒီဖက်မှာ တိုက်ပွဲမဖြစ်တာ နှစ်လကျော်လောက်ရှိသွားပြီးပေါ့ ။အခုတိုက်ပွဲတွေပြန်ဖြစ်မလားဆိုတဲ့ ပူပန်မှုတွေတော့ရှိကြပါတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်

အင်းတော်မြို့ထဲမှာ စစ်ကား ၄၄ စီးက  စက်ကုန်းဘုန်းကြီးကျောင်း၊လက်ပံကုန်းဘုန်းကြီးကျောင်း၊လဝကရုံးနှင့် အင်းတော်ဘောလုံးကွင်းထဲတွင် နေရာယူတပ်ဆွဲထားတာပါ။