မတ်၊၁၁
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း ပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ထဲက နမ့်နိန်းကျေးရွာကို စစ်အုပ်စုက မီးရှို့လို့ နေအိမ် ငါးဆယ်လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“မနက်အစောကြီးကတည်းက ရွာကို တဖက်သတ် ပစ်နေတာပေါ့၊ရွာကိုတော့ အခုထိ မီးရှို့နေတာပေါ့၊ရွာထဲက ဇရပ်မှာတော့ စစ်တပ်နဲ့ PNO တပ်တွေ နေရာယူတယ်၊တိုက်ပွဲက ပြင်းထန်တယ်”လို့ ဒေသခံ တဦးက ပြောပါ တယ်။
နမ့်နိန်းကျေးရွာမှာမတ်လ ၁၀ရက် မနေ့ကတည်းက နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ကာ စစ် တပ်က မနေ့ကရော ဒီကနေ့မှာပါ လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး ရွာက နေအိမ်တွေကိုတော့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့တာလို့ ဒေသခံ တွေက ပြောပါတယ်။
တိုက်ပွဲကြောင့် နမ့်နိန်းရွာ ဒေသခံအများစုဟာ မနေ့ကကတည်းက ရွာကိုစွန့်ခွာတိမ်းရှောင်လာကြပြီး ကနဦးမှာ အမျိုးသားတချို့ ရွာကနေအိမ်တွေကို စောင့်ရှောက်ဖို့ကျန်ခဲ့ပေမယ့်စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လေ ကြောင်းနဲ့ လက်နက်ကြီးကျည်တွေ ရွာထဲကျလို့ အကုန်ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ဆိုပါတယ်။
“မနေ့ကတည်းက အဲဒီမှာ ရွာသားတွေက မရှိတော့ဘူး၊ရွာကို စောင့်ရှောက်ဖို့ ဆိုပြီးတော့ အမျိုးသား (၁၀) ယောက်လောက်ပဲ အစောင့်အနေနဲ့ ကျန်တော့တယ်၊လေကြောင်းနဲ့ရော၊ လက်နက်ကြီးတွေနဲ့ရော တိုက်ခိုက် တော့ ပအိုဝ်ရွာသားတစ်ဦးကို ထိပြီး သေဆုံးသွားတယ်။ အဲဒါနဲ့ သူတို့လည်း မနေရဲတော့ပဲ တောထဲမှာပဲ သွား အိပ်တယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစလို့ လက်ရှိအထိ ဖြစ်နေတဲ့ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲတွေဟာ နှစ်ရက်လောက်သာ ငြိမ်သက်ခဲ့ပြီး ကျန်ရက်တွေမှာ တောင်မဲသင်း၊ နန်းနိန်၊ တောင်စလုံး၊ မြောက်စလုံ၊ ဆောင်း ပြောင်း၊ လွယ်ဝန်နဲ့ လုံးပျဉ် စတဲ့ အနီးအနားက ရွာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်ရှိခဲ့တယ်လို့ သိရပါ တယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ပင်လောင်းမြို့ပေါ်အပြင် နန်းထား၊ ပင်ခွဉ်၊ ထီဗီ့၊ ကော်လွို့၊ ဝါးလီ စတဲ့ အနီး အနားက ရွာတွေဆီ စစ်ရှောင်ခိုလှုံနေကြရပြီး လက်ရှိမှာ စစ်ရှောင်ဦးရေ ၆၀၀၀ ကျော်အထိရှိနေပြီး အခြေခံ စား နပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် တကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီ နေသူတွေက ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့ လူဦးရေ များပြားတာကြောင့် ဆေးဝါးမလုံလောက်မှု ပြသနာတွေ လည်း ရှိနေပြီး စစ်ကောင်စီနဲ့ PNO တို့ရဲ့ စစ်ဆေးရေးဂိတ်တွေက ဒေသထဲကို ဆေးဝါးသယ်ယူခွင့်မပေးလို့ အခက်အခဲ ပိုဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO တပ်တွေဟာ ပင်လောင်းတောင်ဖက် တောင်ပေါ်တွေမှာ နေရာယူထားပြီး KNDF ၊ KA နဲ့ PDF တပ်တွေကတော့ တောင်မဲသင်း၊ လုံးပျဉ် စတဲ့ ကျေးရွာဘက်တွေမှာ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲတွေဟာ စစ်ရေးအရ အရေးပါနေတဲ့ ပင်လောင်းမြို့ကို ထိန်း ချုပ်နိုင်ဖို့အတွက် အပြိုင်ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ဘက်လုံးကလည်း စစ်အင်အားတွေ ဖြည့်နေပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ထဲက ဒီမောဆိုနဲ့ ဖယ်ခုံမြို့တွေမှာလည်း တိုက်ပွဲတွေ အပြင်အထန်းဖြစ်ပွားနေပြီး စစ် ကောင်စီက အဆိုပါ ဒေသတွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဖို့ စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေကို ဖေဖော်ဝါရီလကတည်းက လုပ်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ – အင်းလေး PDF