မတ်၊ ၁၁
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဘက်က စစ်ရှောင်တွေအများအပြားသွားရောက်ခိုလှုံနေထိုင်နေတဲ့ အိန္ဒိယ နိုင်ငံ မဏိပူရ်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပြီး ညမထွက်ရနဲ့ လူငါးဦးထက် ပိုမ စုရတဲ့ ပုဒ်မ(၁၄၄)ထုတ်ပြန်ထားလို့ မြန်မာစစ်ရှောင်တွေ စိုးရိမ်မှုမြင့်တက်ပြီး သတိနဲ့နေထိုင်နေကြရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က ဘယ်မှာနေနေမလုံခြုံဘူး၊အခုလိုဖြစ်တော့ အပြင်မထွက်ဖို့ ကျွန်တော် တို့စစ်ဘေးရှောင် အချင်း ချင်းပြောရတယ်၊သူတို့အချင်းချင်းဖြစ်တဲ့ကြားကျွန်တော်တို့ပါရင် ပိုဆိုးမှာစိုးတယ်” လို့ တမူးမြို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မိုရေးမြို့မှာနေထိုင်တဲ့ မြန်မာစစ်ရှောင်တဦးက DNA ကိုပြောပါတယ်။
တောင်တန်းဒေသခံ လူမျိုးစုတွေပိုင်ဆိုင်တဲ့ နယ်မြေတွေကို နည်းအမျိုးမျိုးနဲ့သိမ်းယူနေတယ်လို့ဆိုကာ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်စီမံမှုတွေကို ပြည်နယ်အတွင်း နေထိုင်သူတွေက ဆန့်ကျင် ဆန္ဒပြမှုတွေဖြစ်နေ တာလို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ထိပ်စပ်နေတဲ့ အိန္ဒိယ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေ သွားရောက်ခိုလှုံ နေထိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ လတွေအတွင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်အမိန့်နဲ့ အဲ့ဒီပြည်နယ်အတွင်း မြန် မာစစ်ရှောင်တွေ ဆက်တိုက်ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံစစ်ရှောင်တွေကို ပြန်လွှတ်ဖို့နဲ့ မဏိပူရ်ပြည်နယ်ထဲက မြန်မာစစ်ရှောင်တွေကို အသိအမှတ်ပြု နေထိုင် ခွင့်ပေးဖို့ တောင်းဆိုမှုတွေလုပ်နေချိန်မှာ အခုလို ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာတာပါ။
အခုလို မတည်ငြိမ်မှုတွေဖြစ်လာတာကြောင့် မဏိပူရ်ပြည်နယ်အစိုးရက စီစဉ်ထားတဲ့ မြန်မာစစ်ရှောင်တွေကို ကွင်းဆင်းစိစစ်ပြီး စစ်ရှောင်အသိအမှတ်ပြုကတ်ပြားတွေထုပ်ပေးရေး လုပ်ငန်းစဉ်ဟာလည်း ရပ်ဆိုင်းထား တယ် လို့သိရပါတယ်။
“ကျွန်မတို့က သူတို့ဘက်ရဲတွေဖမ်းမှာကြောက်နေရတာ၊ဖမ်းခံရရင် ဘယ်သူက ကယ်မလဲနော်။ကျွန်မဆို မိုရေးထဲဆန္ဒပြမယ်ကြားလို့မသွားရဲဘူး”လို့ မြန်မာ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
မဏိပူရပ်ပြည်နယ်အစိုးရဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မြန်မာစစ်ရှောင် ရာဂဏန်းလောက်ကိုဖမ်းဆီးခဲ့ပြီး အင်ဖားမြို့အကျဉ်းထောင်ထဲ အကျဉ်းချထားခဲ့ပါတယ်။အဲ့ဒီလို ဖမ်းဆီးအကျဉ်းချထားစဉ်အတွင်း ဖေဖော်ဝါရီ ၂၅ရက်မှာ အင်ဖားထောင်ထဲ ဖမ်းဆီးခံထားရတဲ့ တမူးဒေသခံ မြန်မာစစ်ရှောင်တဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့လည်း ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်းပေးဖို့ မြန်မာနိုင်ငံတွင်းက တော်လှန်ရေး အင်အားစုတွေနဲ့ မဏိပူရ်ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေက ပြည်နယ်အစိုးရကို တောင်း ဆိုထားပါတယ်။
ဓာတ်ပုံ – Social Media