မြန်မာ့ တော်လှန်ရေး အင်အားစုတွေ ရင်ဆိုင်နေရတဲ့ အချိန်မလုံလောက်မှု ပြဿနာများ

မတ်၊ ၁၁

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ၂ နှစ် ကျော်လွန်လာတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ သေရေးရှင်ရေး အဆင့်တခုဆီ ဦးတည်လာပါတယ်။ အဓိက ဒီမိုကရေစီ အင်အားစု တခုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် ကနဦး ပဋိပက္ခတွေမှာ မပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကပါ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ သူတို့ရဲ့ နှစ်သစ်ကူး ထုတ်ပြန်ချက်တွေမှာ အသီးသီး ကြေညာထားပါတယ်။

လေကြောင်း စိုးမိုးမှုနဲ့ လက်နက်ကြီး အထောက်အပံ့ မရှိတာ၊ စစ်အသုံးအဆောင်တွေ အကန့်အသတ်နဲ့သာ ပိုင်ဆိုင်တာ၊ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးစနစ် မပီပြင်တာ၊ ဗမာ အများစုနဲ့ ဖွဲ့စည်းထားတဲ့ NUGနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ ရုန်းကန်နေတာ အပါအဝင် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ တပုံတခေါင်း ရှိနေပေမယ့်လည်း မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုတွေဟာ သိသိသာသာ အရှိန်ရလာနေပါတယ်။

နိုင်ငံဧရိယာရဲ့ ထက်ဝက်လောက်မှာ စစ်ပွဲတွေ ဖြစ်မနေဘူး ဆိုရင်တောင်မှ မြန်မာစစ်တပ်ဟာ အလူးအလဲ ခံနေရပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ ဆိုရင်လည်း အမေရိကန်ဟာ အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက်ဆိုင်ရာ အက်ဥပဒေ ၂၀၂၃ ကို ပြဋ္ဌာန်းလိုက်ပြီး မြန်မာ့ တော်လှန်ရေးအတွက် ပံ့ပိုးထောက်ပံ့မှုတွေ ထင်သာမြင်သာ မြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့ စစ်မြေပြင် အနေအထားကို ကြည့်မယ်ဆိုရင် မဟာဗျူဟာအရ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ တစ်ခုကိုလည်း ရှင်းရှင်းလင်းလင်းကြီး တွေ့မြင်နေရပြန်တယ်။ နှစ်ဖက်စလုံးက ကိုယ့်ဖက်ကို ပါဝါအသာရအောင် နည်းလမ်း မျိုးစုံနဲ့ အားထုတ် ကြိုးစားနေကြပါတယ်။ တော်လှန်ရေး အင်အားစုတွေ အတွက် အချိန်က ကိုယ့်ဖက်မှာ ရှိမနေဘူး ဆိုတာကို သမားရိုးကျ အသိအမြင်နဲ့တောင် ပိုင်းခြားနိုင်ပါတယ်။ ထိလွယ်ရှလွယ်ရှိတဲ့ မဟာမိတ်တွေကြားမှာ တော်လှန်ရေးကို အချိန်အကြာကြီး တရွတ်ဆွဲနေခြင်းက အရမ်း နွမ်းနယ်ပြီး အဆုံးအမှတ်ထိ ရောက်သွားနိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။ ပြောရရင်တော့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေဟာ အားကျလောက်စရာ အခြေအနေမျိုး မဟုတ်ဘဲ တံခါးတွေ ပိတ်လုနီးပါး ပြဿနာ တစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လေ့လာ ဆန်းစစ်သူတွေက မြန်မာနိုင်ငံရဲ့ တကျော့ပြန် ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ မော်စီတုံး ထုတ်ခဲ့ဖူးတဲ့ ပုန်ကန်ထကြွမှုဆိုင်ရာ သီအိုရီတွေနဲ့ ချိန်ထိုးပြီး ဆန်းစစ်ကြည့်ကြပါတယ်။ မော်ရဲ့ သီအိုရီတွေက ကျိုးကြောင်းဆက်စပ် ခိုင်လုံမှုတွေ ရှိတယ် ဆိုပေမယ့် မြန်မာ့ တော်လှန်ရေးကတော့ လက်ရှိ အခြေအနေတွေအရ အချိန်များများ မရတော့ပါဘူး။ စစ်အာဏာရှင်က နိုင်ငံရဲ့ မြို့ကြီးတွေနဲ့ မဟာဗျူဟာ ပွိုင့်တွေကို ထိန်းချုပ်ထားတဲ့နောက် NUGအတွက် အကောင်းဆုံး မျှော်လင့်ထားရမယ့် ကိစ္စကတော့ နည်းဗျူဟာ အရရော၊ မဟာဗျူဟာ အရပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ရေးအရ ပိုမို ပူးပေါင်းပြီး ကိုယ့်အတွက် ထောက်ခံမှု မြင့်မားသလို မဟာမိတ်တွေ ခိုင်ခိုင်မာမာ ရှိနေတဲ့ တော်လှန်ရေး အခြေခံ ဧရိယာ တခုကို ဗဟိုချက်အဖြစ် ထူထောင်ဖို့ပါပဲ။ အဲဒီနောက်ပိုင်းမှသာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပေါင်းစုပြီး အခြေအနေ ပေးလာချိန်မှာ မဟာဗျူဟာ ထိုးစစ်တစ်ခု ဆင်နွှဲဖို့ ခြေကုပ်ယူ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ကားလ်ဗွန် ကလော်စီဝစ်ဇ်ကို သံယောင်လိုက်ပြီး မော်က ပဋိပက္ခ ကြာမြင့်လာတာနဲ့အမျှ ပိုပြီး အားနည်းတဲ့ဖက်က အဲဒီ မညီမျှမှုကို ပြောင်းပြန်လှန်ဖို့ ပိုပြီး အခွင့်အလမ်း သာလာစေနိုင်တယ်လို့ ပြောထားပါတယ်။ ဒီသီအိုရီက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာတော့ မကိုက်ညီနိုင်ပါဘူး။ မော်ရဲ့ သီအိုရီတွေက ယုံကြည် လက်ခံနိုင်စရာ ဖြစ်သလို လက်တွေ့လည်း အသုံးဝင်နေနိုင်ပေမယ့် မြန်မာစစ်တပ်ကတော့ သမိုင်းကြောင်းအရ တော်လှန်ပုန်ကန် တိုက်ခိုက်မှုတွေကို ပြည်မမှာ ခြေကုပ်ယူရင်း အချိန်အကြာကြီး တောင့်ခံခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြိုင်ဘက်တွေကို အပြီးတိုင် မချေမှုန်းနိုင်ဘူး ဆိုရင်တောင် စစ်တပ်က ကြံ့ကြံ့ခံပြခဲ့ပါတယ်။

 အခြေခံကျကျ ပြောရမယ်ဆိုရင် စစ်အာဏာရှင်တွေဟာ ခံစစ်သဘောဆန်တဲ့ နိုင်ငံရေး မူဝါဒမျိုးကို ကိုင်ဆွဲထားပြီး အချိန်ကြာလေလေ၊ မြန်မာနိုင်ငံကို သူတို့ ချုပ်ကိုင် အုပ်ချုပ်ဖို့အတွက် ပိုပြီး သက်ရောက်မှု ရှိလေလေ ဖြစ်ပါတယ်။ RANDရဲ့ လေ့လာမှု တစ်ခုမှာ ကောက်ချက် ချထားတာက “ထိထိရောက်ရောက် တားဆီးထားနိုင်သ၍ ခုခံတော်လှန်မှုတွေကို သေချာပေါက် မဖြစ်မနေ အနိုင်ယူစရာ မလိုဘူး” ဆိုတာပါပဲ။ လွတ်လပ်ရေး ရပြီးကတည်းက အထူးသဖြင့် စစ်တပ်က ဦးဆောင်ခဲ့တဲ့ မြန်မာ အစိုးရတွေဟာ အဆက်မပြတ်နီးပါး ခုခံပုန်ကန်မှုတွေကို ကြုံခဲ့ပြီး ဖြစ်ပေမယ့် ပြိုလဲတဲ့ အဆင့်တော့ မရောက်ခဲ့ပါဘူး။

 အထီးကျန်ပြီး စီးပွားရေးအရ တတိတိ ယုတ်လျော့လာတယ် ဆိုရင်တောင်မှ မြို့ကြီးတွေနဲ့ အချက်အခြာ နေရာတွေကို ထိန်းထားသ၍ စစ်တပ်ဟာ တော်လှန်ရေးရဲ့ ထိုးနှက်ချက်တွေကို တောင့်ခံနိုင်တဲ့ အစွမ်းအစ ရှိနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်တွေရဲ့ အဓိက ခြေကုပ်ယူရာ ဗဟိုချက်တွေက မြို့ပြတွေ၊ မဟာဗျူဟာ လမ်းကြောင်းတွေနဲ့ နယ်စပ် ဒေသတချို့မှာ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတချို့ဆီကနေ လေယာဉ်တွေ၊ စစ်လက်နက်တွေ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့တွေ ရထားပြန်တယ်။ ဒီအားသာချက်တွေက NUGနဲ့ မဟာမိတ်တွေဆီမှာ လောလောဆယ် တခုမှ ထိထိရောက်ရောက် ပိုင်ဆိုင်မနေပါဘူး။

ဒါပေမဲ့ စစ်အာဏာရှင်တွေက ခုခံတော်လှန်ရေး အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားတာတော့ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုအလိုက် ခြေကုပ်နေရာ ဗဟိုချက် ဧရိယာတွေမှာ သွေးခွဲပြီး အုပ်ချုပ်မယ်ဆိုတဲ့ မူဝါဒကို ပီပီပြင်ပြင် ကျင့်သုံးပါတယ်။ လက်နက်ကိုင် အင်အားစုတွေကြား အက်ကြောင်းတွေ ထင်လာပြီး တိုင်းရင်းသားတွေရဲ့ ချိတ်ဆက်မှုတွေ ပျက်ပြားလာတဲ့အခါ တော်လှန်ရေးလည်း ပြိုကျသွားမယ်လို့ စစ်အာဏာရှင်တွေက မျှော်လင့်ထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ NUGနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ရင်ဆိုင်ရမယ့် တံခါးတွေ ပိတ်လာနေတဲ့ ပြဿနာရဲ့ အနှစ်သာရက အဲဒီ ကိစ္စပါပဲ။ 

အခြေခံအရ NUGဟာ အဲဒီပြဿနာကို ကိုင်တွယ်ဖို့ အားနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အခြေအနေမှာ NUGဟာ မော်ရဲ့ သီအိုရီမှာ ရည်ညွှန်းထားတဲ့ အခြေစိုက်စခန်း မရှိတဲ့ ပုန်ကန်မှုတွေနဲ့ ရှေ့ဆက်နေရတာကြောင့်ပါ။ အင်အားစုစည်းဖို့ ခြေကုပ်နယ်မြေ မရှိပါဘူး။ NUGက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းထားတယ် ဆိုဦးတော့၊ အဲဒီ မဟာမိတ် ဆက်ဆံရေးမှာ အကန့်အသတ်တွေတော့ ရှိနေပါတယ်။ စစ်အာဏာရှင် တပ်တွေကို လက်သံပြောင်ပြောင်နဲ့ တိုက်ခိုက်နေတဲ့ နေရာတွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့ရဲ့ နယ်မြေတွေမှာ ဖြစ်ပြီး အဲဒီ ဒေသတွေကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေကပဲ ထိန်းချုပ်ထားတာပါ။ NUGရဲ့ နယ်မြေတွေ မဟုတ်ပါဘူး။

အညာလို့ ခေါ်ဝေါ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ခုခံစစ်ပွဲတွေ သိသိသာသာ အရှိန်မြင့်လာပေမယ့် တော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး အခြေစိုက်စခန်း တစ်ခုအသွင် မဖော်ဆောင်နိုင်သေးပါဘူး။ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက သူတို့ ကာလရှည်ကြာ အခြေစိုက်ထားတဲ့ ဧရိယာတွေကို ဆက်လက် ထိန်းချုပ်ရင်း ချဲ့ထွင်ဖို့ ကြိုးစားနေချိန် NUGကတော့ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေ မရှိဘဲ ဖြစ်နေပါတယ်။ ဒီတော့ လုံခြုံမှု ကင်းမဲ့သလို ခံစားရပြီး တိုင်းရင်းသား တပ်ဖွဲ့တွေအပေါ် မှီခိုနေရတာ မဆန်းပါဘူး။

NUGဟာ စစ်တပ်ကို ယှဉ်ပြိုင်နိုင်တဲ့ နယ်မြေတွေ ရှိနေတယ် ဆိုရင်တောင်မှ ခိုင်ခိုင်မာမာ ထိန်းချုပ် မထားနိုင်ပါဘူး။ မြန်မာနိုင်ငံ လူဦးရေရဲ့ အစိတ်အပိုင်း အများစုဟာ စစ်အာဏာရှင်တွေ နိုင်ငံရေးနဲ့ စစ်ရေးအရ လက်လှမ်းမီတဲ့ နေရာတွေမှာပဲ နေထိုင်ရင်း အသက်မွေး လုပ်ကိုင်နေကြရပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ အချိန်မရွေး ဒုက္ခပေးမှုနဲ့ လက်စားချေမှုကို ခံရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

အခြေစိုက်စခန်း မရှိတဲ့ တော်လှန်ရေး အင်အားစု တခုဟာ အချိန်အကန့်အသတ် မရှိ ပေးဆပ်နေရတဲ့အခါ လူထုဆီက ထောက်ခံမှု ယုတ်လျော့ ကုန်ခမ်းသွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ နိုဝင်ဘာလတုန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ NUGရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလာက အဲဒီ ဖြစ်နိုင်ခြေ အလားအလာကို အသိအမှတ်ပြု ဝန်ခံခဲ့ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကသာ တော်လှန်ရေးကို ထောက်ခံနေတဲ့ ပင်မရင်းမြစ်ဆိုတာ မမေ့ဖို့ လိုကြောင်းနဲ့ ပြည်သူလူထု ထောက်ခံမှု မရတော့တဲ့ အစိုးရတွေဟာ ရေရှည် ရှင်သန် ရပ်တည်ဖို့ ခက်ခဲကြောင်း ယာယီ သမ္မတက ပြောခဲ့ပါတယ်။

ပဋိပက္ခတွေနဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံ စီးပွားရေးအပေါ် ပြင်းထန်တဲ့ ဆိုးကျိုး သက်ရောက်မှုတွေ အများကြီး ဖြစ်ပေါ်စေခဲ့သလို နိုင်ငံရဲ့ GDP ပမာဏဟာ ၁၈ ရာခိုင်နှုန်းလောက် ယုတ်လျော့သွားပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့သူတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့သလို စစ်အာဏာရှင်တွေရဲ့ လက်တုံ့ပြန် ဖိနှိပ်မှုကလည်း အရမ်းပြင်းထန်ပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေက ဆိုးသထက် ဆိုးလာပြီး အလုပ်အကိုင် ဆုံးရှုံးသူတွေ သန်းနဲ့ချီ များပြားလာတယ်။ လူသားရေးရာ ကပ်ဘေးတွေက နိုင်ငံအနှံ့ ပျံ့နှံ့ ပေါ်ပေါက်လာတယ်။ အခုနှစ်၊ ဇန်နဝါရီလထိ အခြေအနေအရ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းခွဲကျော် ရှိလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ပြည်သူတွေက တော်လှန်ရေးထက် ရှင်သန်ရပ်တည်မှုကို ဦးစားပေးဖို့ စဉ်းစားလာရပြီဆိုရင် NUGအပေါ် လူထုထောက်ခံမှုကို ထိခိုက်လာနိုင်ပါတယ်။

အရေးကြီးတာ နောက်တခုက စစ်အာဏာရှင်တွေဟာ လူထုရဲ့ အဲဒီလို ဆင်းရဲဒုက္ခတွေကို ပိုဆိုးအောင် မီးစာမြှင့်ပေးဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာပါပဲ။ မော်ရဲ့ ပုန်ကန်ထကြွမှု အတွေးအမြင်ဆိုင်ရာ ဂန္ထဝင် စံနှုန်းတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ခုခံတော်လှန်မှု တခုဟာ လူထုရဲ့ အားပေး ထောက်ခံမှုကို အစဉ်တစိုက် ရှာဖွေပြီး ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဒီအပိုင်းမှာတော့ ဒီမိုကရေစီ လိုလားတဲ့ ခုခံရေး အင်အားစုတွေက အောင်မြင်နေဆဲပါ။ 

ဒါပေမဲ့ မြန်မာစစ်တပ်က အဲဒီကွင်းဆက်ကို မြေလှန်ဖျက်ဆီးမှု မူဝါဒသုံးပြီး ဖြတ်တောက်နိုင်မယ်လို့ မျှော်လင့်ထားပုံ ပေါ်တယ်။ အညာလို ဒေသမျိုးတွေမှာ ရွာတွေကို မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်။ အဲဒီလိုမျိုး စည်းလွတ်ဘောင်လွတ် အကြမ်းဖက်မှုတွေက နေရပ်ပြောင်းရွှေ့ရတာတွေနဲ့ အကြောက်တရား ကြီးစိုးတာတွေဆိုတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ချီ ရွေ့လျားမှုနဲ့ ခြေကုပ်ယူ သိမ်းပိုက်မှုတွေကို ဟန့်တားပြီး ပြည်သူလူထုနဲ့ ပေါင်းစည်းမှုကို ဖြတ်တောက်ဖို့ ပြင်ဆင်လာတဲ့ သဘောလည်း ဖြစ်တယ်။ တနည်းအားဖြင့် တရားဝင်မှုကို အကြမ်းဖက်မှုနဲ့ ပြိုင်ဆိုင်လာတဲ့ အဓိပ္ပါယ်ပါပဲ။ ခြေကုပ်မြဲမြဲ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ မရှိသ၍ NUGအတွက် လုံခြုံ စိတ်ချရတဲ့ နေရာကလည်း နည်းနေဦးမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ သွေးခွဲပြီး သိမ်းပိုက်ရေး စီမံကိန်းအတွက် ရည်စူးထားတဲ့ နောက်ထပ် ပစ်မှတ် တခုကတော့ NUGကို တခြား ခြေကုပ်မြဲမြံတဲ့ ဧရိယာတွေက ဖယ်ထုတ်ဖို့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဟာမိတ် ဆက်ဆံရေးကို ဖြတ်တောက်ဖို့ရယ်ပဲ ဖြစ်ပါတယ်။ NUGက ကိုယ်ပိုင် ထိန်းချုပ်နယ်မြေ မရှိတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို မဖြစ်မနေ မှီခိုရပါတယ်။ သူတို့ မရှိရင် ပါဝါ အားပြိုင်မှု ချိန်ခွင်လျှာက စစ်အာဏာရှင်ဖက်ကို တဖက်စောင်းနင်း ယိမ်းသွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို စည်းရုံးဖို့၊ ဒါမှမဟုတ် ချိုးနှိမ်ဖို့ အားထုတ်လာပါတော့တယ်။ အာဏာသိမ်းမှုအပြီး ပထမဆုံး လကတည်းက မြန်မာ စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်။ လောလောလတ်လတ် အနေနဲ့ စစ်တပ်က ကြီးမှူးမယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ စကားကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်။ တော်လှန်ရေးကို အတိအလင်း အားပေး ထောက်ခံတာမျိုး မဟုတ်ဘဲ စစ်တပ်ကိုတော့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့လည်း ဖြစ်နိုင်ခြေရှိတဲ့ အချိန်အခါမျိုးမှာ အပစ်ရပ် သဘောတူညီမှုတွေ ရယူဖို့ စစ်တပ်က သတိကြီးကြီးထားပြီး အားထုတ်ပြန်တယ်။ ဒါကလည်း နေရာစုံမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေကို ပြန်လျှော့ချဖို့ ဖြစ်ပါတယ်။

NUGနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း လက်တွဲ ရပ်တည်သလို စစ်အာဏာရှင်ကို တက်တက်ကြွကြွ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင်တော့ မြန်မာစစ်တပ်ဟာ ပိုပြီး အနိုင်အထက်ဆန်တဲ့ မူဝါဒမျိုး ကျင့်သုံးခဲ့တယ်။ စစ်အာဏာရှင် လက်အောက်ခံ လေတပ်ဟာ KIAနဲ့ KNUတို့ ထိန်းချုပ် နယ်မြေတွေမှာ စစ်ဘက်၊ အရပ်ဖက် ပစ်မှတ်တွေကို သိမ်းကြုံးပြီး လေကြောင်းကနေ တိုက်ခိုက်တယ်။ စစ်တပ်က အဲဒီ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ပေးချင်တဲ့ သတင်းစကားကတော့ NUGနဲ့ ပူးပေါင်းတာ ရပ်ရင် သူတို့ကလည်း ဗုံးကြဲတာ ရပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါ့အပြင် ခြံစည်းရိုး ခွထိုင်ပြီး အခြေအနေ စောင့်ကြည့်နေသူတွေကိုလည်း ဟန့်ပြီးသား ဖြစ်သွားစေတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဗမာအများစု ပါဝင်တဲ့ NUGနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား အမြင်ကွဲလွဲမှုတွေကို အခွင့်ကောင်းယူပြီး သပ်လျှို သွေးထိုးဖို့လည်း တက်တက်ကြွကြွ ဆက်လက် လုပ်ဆောင်နေပြန်တယ်။

နယ်မြေ အတည်တကျ မရှိဘဲ တော်လှန်နေရတဲ့ အင်အားစု တခုအဖြစ် ရပ်တည်နေဆဲ NUGအတွက် နောက်ထပ် ပိုကြီးမားတဲ့ ပြဿနာကတော့ အစိုးရအဖြစ် ရပ်တည်နိုင်မယ့် တရားဝင်မှု မရှိသေးခြင်းပါပဲ။ အဲဒီ တရားဝင်မှု ဆိုတာကိုလည်း ထိန်းချုပ်နယ်မြေ လက်ဆုပ်လက်ကိုင် ရှိမှသာ ဆောင်ယူနိုင်မယ့် သဘောမျိုးပါ။ စင်ပြိုင် ရပ်တည်ရတဲ့ အစိုးရ အဖွဲ့အစည်းတွေ ကြုံတတ်တဲ့ ပြဿနာနဲ့ စိန်ခေါ်မှုတွေက ၂၀၁၁ ခုနှစ်မှာ သမ္မတ ဘာရှာအယ်လ် အာဆတ်ကို တော်လှန်တဲ့ ဆီးရီးယား နိုင်ငံရေး အုံကြွမှုတွေအတွင်း မြင်သာစေခဲ့ပါတယ်။ အဲဒီတုန်းကလည်း ပြည်သူ့အခြေပြု အမျိုးသားရေးဝါဒီ အတိုက်အခံ အင်အားစုတွေဟာ အစောပိုင်းမှာ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စာနာအားပေးမှုကို ရရှိခဲ့ပေမယ့် နှစ်တွေ ကြာလာတာနဲ့အမျှ သူတို့ရဲ့ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွှယ်မှုတွေက တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားတာပါပဲ။ ဆီးရီးယားနဲ့ မြန်မာက ခုခံတော်လှန်မှုတွေဟာ နယ်မြေ အကျယ်ကြီး ပျံ့နှံ့နေတာ၊ စုစည်းမှု အပိုင်းမှာ ထိလွယ်ရှလွယ် ရှိနေတာတွေ အားလုံး ဆင်တူပါတယ်။ နယ်မြေခံ ခုခံရေး တပ်တွေ အများအပြားဟာ ကိုယ့်မူ၊ ကိုယ့်သဘောနဲ့ပဲ ခုခံ တိုက်ခိုက်နေပြီး ထင်ရှားတဲ့ မဟာဗျူဟာ ချမှတ်မှုတွေ မရှိကြပါဘူး။

ဆီးရီးယား ဖြစ်စဉ်ကို ပြန်ကြည့်ရင် တော်လှန်ရေးမှာ နယ်မြေတွေ ထိန်းချုပ်နိုင်တဲ့ ခေါင်းဆောင်မှု လိုအပ်တယ်ဆိုတာ သင်ခန်းစာ ရစေပါတယ်။ ပြည်ပမှာ အခြေစိုက်ပြီး တော်လှန်ရေးကို စီမံခန့်ခွဲဖို့ ရွေးချယ်ခဲ့တဲ့ အမျိုးသားရေးဝါဒီ အတိုက်အခံတွေဟာ ပြည်တွင်းမှာ အမှန်တကယ် လက်နက်ကိုင် တော်လှန်နေတဲ့ ကင်းကွာသွားပါတယ်။ အဲဒီ အင်အားစုတွေရဲ့ အရှိန်ကောင်းကောင်းနဲ့ ဆင့်ကဲပြောင်းလဲ တိုးတက်လာမှုဟာ တော်လှန်ရေးရဲ့ အရှိန်ကို မြင့်တက်လာစေခဲ့တယ်။ ယေဘုယျ အနေနဲ့ ပြည်ပမှာ အခြေစိုက်ရတဲ့ အခါမျိုးမှာ တရားဝင် ရပ်တည်မှုနဲ့ ပတ်သက်လို့ အထင်ကရ ပြဿနာကြီးတွေ ကြုံလာတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း PDFတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေချိန် NUGက ပြည်ပမှာ ရှိနေရကြောင့် ဆီးရီးယား ဖြစ်စဉ်လိုပဲ သူတို့ရဲ့ တရားဝင်မှုအပေါ် ယုံကြည်အားထားမှု လျော့ကျလာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

နိုင်ငံတကာ အမြင်မှာလည်း ဒီအန္တရာယ်နဲ့ ပတ်သက်လို့ ကွာခြားမှု သိပ်မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ အနောက်နိုင်ငံ တချို့က စစ်အာဏာရှင်ကို ဖိအားပေးဖို့အတွက် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ကျင့်သုံးနေချိန် NUGက နောက်ထပ် ထောက်ခံပံ့ပိုးမှုတွေကို ရှည်ရှည်ကြာကြာ ရရှိနေအောင် ရပ်တည်ပြဖို့ လိုပါတယ်။ ယူကရိန်း စစ်ပွဲနဲ့ မြန်မာနိုင်ငံ ပဋိပက္ခကြား နိုင်ငံတကာ ထောက်ပံ့မှု ကွာဟလွန်းနေတဲ့ အချက်တခုက ယူကရိန်းဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု အနေနဲ့ အသိအမှတ်ပြု ခံရတဲ့ အစိုးရက အုပ်ချုပ်နေတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေမှာ အဲဒီလို တူညီတဲ့ အနေအထား မရှိပါဘူး။ စစ်အာဏာရှင်တွေဟာ နေပြည်တော်မှာ အခန့်သားထိုင်ရင်း အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ယန္တရားရဲ့ မောင်းတံအားလုံးကို ထိန်းချုပ်နေပါတယ်။

ထိန်းချုပ်နယ်မြေဆိုတာ မရှိဘဲနဲ့တော့ NUG အနေနဲ့ ယူကရိန်းလို တရားဝင် အားပေးထောက်ပံ့မှုမျိုးတွေ ရလာနိုင်ဖို့ ခက်သထက် ခက်နေဦးမှာပါ။ မြန်မာ့ တော်လှန်ရေးအပေါ် စာနာမှုနည်းတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြားနိုင်ငံ တချို့က ဒီအချက်ကို ပိုပြီးတော့တောင် အလေးထား ရှုမြင်ကြပါလိမ့်မယ်။ လုံခြုံတဲ့ အခြေစိုက် ဧရိယာတခု ရှိလာတဲ့အခါ ပြဿနာ တရပ်လုံးကို ဖြေရှင်းနိုင်မှာ မဟုတ်သေးရင်တောင်မှ တော်လှန်ရေး လှုပ်ရှားမှုရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရှင်သန်ရပ်တည်မှုကို အခိုင်အမာ ပြသနိုင်ပြီး ပြည်ပြေး အစိုးရဆိုတဲ့ ဝေဖန်မှုတွေကိုပါ တုံ့ပြန်ပြီးသား ဖြစ်လာစေပါလိမ့်မယ်။

အချိန်ခေါင်းပါးလာနေတဲ့ ပြဿနာကို တိုက်ရိုက် ကိုင်တွယ်ဖို့ဆိုရင် ဗမာတွေ အဓိက လွှမ်းမိုးထားတဲ့ NUGဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ နည်းစနစ် အရရော၊ နည်းဗျူဟာ အရပါ မြှင့်တင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေရဲ့ စစ်ရေးအင်အားကို ထိထိရောက်ရောက် အသုံးမချနိုင်ဘဲနဲ့တော့ တော်လှန်ရေး အခြေစိုက် ဧရိယာတခု လက်ဝယ်ပိုင်ပိုင် ရလာဖို့ အရမ်းခက်ပါလိမ့်မယ်။ NUGနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေကြား ပူးပေါင်းမှုတွေ ရှိနေတဲ့တိုင်အောင် အခြေခံကျကျ တည်ရှိနေတဲ့ အယုံအကြည် ကင်းမဲ့မှုတွေဟာ နည်းစနစ်ပိုင်း ပူးပေါင်းမှုတွေကနေ မဟာဗျူဟာနဲ့ နိုင်ငံရေး လက်တွဲ ဆောင်ရွက်မှုတွေ အဆင့်ထိ ချဲ့ထွင်ဖို့ ခက်ခဲနေမှာပါ။ မြေပြင်မှာ နည်းဗျူဟာအဆင့် ပူးပေါင်းမှုတွေ အကောင်အထည် ဖော်နေရင်းနဲ့ NUGဟာ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ ညှိနှိုင်းပြီး စီမံခန့်ခွဲမှု အပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ စနစ်မျိုး ပေါ်ထွန်းလာအောင် ပူးပေါင်း ဖော်ထုတ်ရမှာပါ။ 

အဲဒီအတွက် NUGက သူတို့ဟာ သစ်လွင်တဲ့၊ တိုင်းရင်းသားတွေ ပိုမို ပူးပေါင်း ပါဝင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံကို ထူထောင်ဖို့ စိတ်အားထက်ထက်သန်သန် ရှိပါတယ် ဆိုတာကို ပြသဖို့ လိုပါတယ်။ အုပ်ချုပ်ရေး ကဏ္ဍမှာ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိရပါမယ်။ မြန်မာနိုင်ငံမှာ လူများစု ဗမာတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေကြားမှာ အပြန်အလှန် မယုံကြည်မှုတွေက သမိုင်းနဲ့ချီ အမြစ်တွယ်နေခဲ့တာကြောင့် ယုံကြည်မှု တည်ဆောက်ရေး အားထုတ်မှုတွေ ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။ ခြေကုပ်နယ်မြေတွေ မပိုင်ဆိုင်သေးတဲ့ အချက်ကြောင့် NUGဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေမှာ နှောင့်နှေး ကြန့်ကြာတာတွေ ကြုံနေရတဲ့တိုင် သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ဟာ စစ်မြေပြင်မှာ တော်လှန်ရေး အင်အားစုတွေ အောင်ပွဲခံနိုင်ရေးအတွက် သိပ်အရေးကြီးတယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။

ဒါကြောင့် ပထမ ဦးစားပေး အဆင့်ကတော့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို မဟာဗျူဟာ အဆင့်ထိ မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အင်အားစုတွေမှာ တသွေးတသားတည်း စည်းလုံးသွားဖို့ ဆိုတာက လက်တွေ့ကျတဲ့ အရှိတရား မဟုတ်နိုင်ဘူး ဆိုရင်တောင်မှ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ညှိနှိုင်းလုပ်ဆောင်မှုတွေက သူတို့ရဲ့ အောင်ပွဲအတွက် အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်ရေး ပူးပေါင်းမှုတွေ အရှိန်မြှင့်တင်ဖို့နည်းတူ NUGအတွက် အသည်းအသန် လိုအပ်နေတဲ့ ကိစ္စကတော့ စိုးမိုးနယ်မြေတွေ ပိုင်ဆိုင်လာရေး တောင်းဆိုမှုပါပဲ။

မြန်မာနိုင်ငံမှာ မိုးရာသီက မေလမှာ စတင်လေ့ရှိပြီး အဲဒီအချိန်ဆိုရင် စစ်တပ်ရဲ့ လေကြောင်း အသာစီးရမှုအပေါ် အဟန့်အတား ကြီးကြီးမားမား ဖြစ်စေပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်အတွက် NUGနဲ့ မဟာမိတ်တွေ အနေနဲ့ ရန်သူရဲ့ လေကြောင်းကနေ အန္တရာယ် ပေးမှုကို လျှော့ချနိုင်မယ့် အခွင့်အရေးက အချိန် ခပ်တိုတိုလေးပဲ ရလာမှာ ဖြစ်ပါတယ်။ အရေးကြီးတာက NUGရဲ့ စစ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အခြေစိုက် နယ်မြေတခု လက်တွေ့ ရရှိလာအောင် အားထုတ်ဖို့ ဆိုတာက အတော်လေး စွန့်စားရမယ့် အားထုတ်မှုမျိုး ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကတော့ စစ်အာဏာရှင်ကို ဖီဆန်ပြီး သူတို့ အားသာချက်ရှိတဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်စွမ်း ရှိတယ်ဆိုတာ လက်တွေ့ ပြသခဲ့ကြပြီးပါပြီ။

စစ်ကိုင်းနဲ့ မကွေးတို့လို တိုင်းဒေသကြီးတွေမှာ NUG လက်အောက်ခံ PDF တိုက်ခိုက်ရေး အဖွဲ့တွေ အင်အားတိုးလာခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ပါ ပူးပေါင်းနိုင်ရင် အဲဒီလို အခွင့်အရေးမျိုးအတွက် ဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်။ ထိန်းချုပ်နယ်မြေ ရလာပြီဆိုရင် တော်လှန်ရေး အင်အားစုတွေအတွက် အချိန်ပိုရဖို့ အကြောင်းပြချက်တွေ တော်တော်များများ ရှိနေပါတယ်။ တစ်ချက်ကတော့ KIAနဲ့ KNUတို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် အလွန်အကျွံ မှီခိုနေရတာကို လျှော့ချပြီး ပိုမို နီးကပ်တဲ့ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ညှိနှိုင်းဖို့ NUGမှာ ပိုမို အားကောင်းတဲ့ အခြေခံမျိုး ရှိလာနိုင်ပါတယ်။ နောက်ပြီး ဆွေးနွေးပွဲ စကားဝိုင်းဆီ ပိုမိုကြွယ်ဝတဲ့ ရင်းမြစ်တွေလည်း ယူဆောင်လာနိုင်ပါလိမ့်မယ်။

နောက်ပြီး ပိုအရေးကြီးတာက NUGသာ ခြေကုပ်နယ်မြေ ပိုင်ဆိုင်လာပြီဆိုရင် စစ်အာဏာရှင်တွေ၊ ဒါမှမဟုတ် သူတို့ကို ကျောထောက်နောက်ခံ ပေးထားတဲ့ တရုတ်က တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ NUGအပေါ် ထောက်ခံမှု လျှော့ချဖို့၊ ဒါမှမဟုတ် အပြီးတိုင် စွန့်လွှတ်ဖို့ သွေးဆောင်နေတာ၊ ခြိမ်းခြောက်နေတာတွေကို ဟန့်တားပြီးသား ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် နေပြည်တော်ဖက် ယိမ်းချင်သလိုလို ဖြစ်ပြီး ခြံစည်းရိုး ခွထိုင်နေတဲ့ အဖွဲ့အစည်းတွေလည်း ဟန့်တားထားနိုင်ပါလိမ့်မယ်။

ဒုတိယအချက် အနေနဲ့ ခြေကုပ်နယ်မြေကို အခြေပြုပြီး အနာဂတ်ကာလမှာ ရုပ်လုံးပေါ်လာနိုင်တဲ့ မဟာဗျူဟာ ထိုးစစ်အတွက် စီမံပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ PDFတွေကို လက်နက်တပ်ဆင်ပေးနိုင်စွမ်း အတော်လေး အားနည်းနေဆဲဖြစ်ပြီး လက်နက် အများစုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက၊ ဒါမှမဟုတ် ဒေသတွင်းမှာ ဖြစ်သလို ဖန်တီးထုတ်လုပ်ရတဲ့ အလုပ်ရုံတွေဆီက ရကြတာပါ။ NUGရဲ့ ပံ့ပိုးမှုက အဓိက အကျဆုံး နေရာမှာ ရှိမနေပါဘူး။ ပိုပြီး တည်ငြိမ်တဲ့၊ လွတ်လပ်တဲ့ နယ်မြေတခုကို ထိန်းချုပ်ထားနိုင်ပြီဆိုရင် PDFတွေကို လက်နက် ထောက်ပံ့နိုင်မှုက ပိုချောမွေ့ လွယ်ကူလာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေက အနာဂတ်မှာ အကြီးစား ထိုးစစ်မျိုး ဆင်နွှဲတော့မယ်ဆိုရင် အရမ်းသိသာတဲ့ အကဲသာမှုမျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်။

တတိယ အချက်ကတော့ ထိန်းချုပ်နယ်မြေတွေ ရှိမှသာ NUGရဲ့ အစိုးရအဖြစ် စီမံအုပ်ချုပ်နိုင်စွမ်းကို အထိုက်အလျောက် ပြသနိုင်မှာ ဖြစ်ပါတယ်။ လက်ဆုပ်လက်ကိုင် နယ်မြေ မရှိရင် NUGက အုပ်ချုပ်ပြလို့ မရပါဘူး။ တော်လှန်ရေး အင်အားစုတွေက နယ်မြေအလိုက် အုပ်ချုပ်မှုနဲ့ တရားစီရင်ရေး ယန္တရားတွေ ထူထောင်ဖို့ ကြိုးစားနေပေမယ့် ကိုယ်ပိုင်ဒေသရဲ့ အကျိုးစီးပွား အတွက်လောက်သာ ရည်ရွယ်နိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင် NUGဟာ အခြေစိုက်နယ်မြေ မရှိတဲ့ ပုန်ကန်တော်လှန်ရေး အင်အားစု တခုအနေနဲ့သာ ရပ်တည်နေပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိနှိုင်းမှုတွေ စတင်ဖို့၊ အောင်ပွဲအတွက် အလားအလာ မရှိသေးဘူးဆိုတဲ့ နိုင်ငံတကာ စွပ်စွဲ ဝေဖန်မှုတွေကို ကျော်လွှားနိုင်စွမ်း မရှိသေးပါဘူး။ ဒီအခြေအနေကပဲ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာပြည်သူတွေဆီ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့တာတွေအတွက် နှောင့်နှေးကြန့်ကြာစေပြီး စစ်အာဏာရှင်တွေရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဖိနှိပ်မှုတွေကနေ ကာကွယ်ပေးနိုင်စွမ်း ကင်းမဲ့နေသေးတာ ဖြစ်ပါတယ်။

အတိုင်းအတာတခုထိ ကျယ်ပြန့်တဲ့ နယ်မြေတွေကို ထိန်းချုပ် သိမ်းပိုက်ထားနိုင်တာမျိုး နိုင်ငံရေးအရ ထင်ရှားတဲ့ အောင်ပွဲတခု ဖော်ဆောင်နိုင်ပြီး မဟာမိတ်တွေနဲ့ ပိုမိုနီးစပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြသနိုင်မှသာ နိုင်ငံတကာ အမြင်မှာ အာဏာသိမ်း စစ်တပ်ကို ပိုမို သေးနုပ်သွားစေမှာ ဖြစ်ပါတယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် မြန်မာရဲ့ ဒီမိုကရေစီရေး တိုက်ပွဲဟာ ယူကရိန်း စစ်ပွဲလောက် နိုင်ငံတကာ အာရုံစိုက်မှုကို မရခဲ့ပါဘူး။ လောလောဆယ်မှာ အမေရိကန်က အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက်ဆိုင်ရာ အက်ဥပဒေ ၂၀၂၃အရ NUGနဲ့ ဆက်စပ် အင်အားစုတွေကို ပိုမို အကူအညီပေးဖို့ လမ်းဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ NUGဆီက ယုံကြည် လက်ခံနိုင်လောက်အောင် အားကောင်းတဲ့ စစ်ရေး အောင်ပွဲ တခုကသာ အခြေအနေတွေကို ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။

မော်ရဲ့ သီအိုရီတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ NUGဟာ ပိုမိုစနစ်ကျတဲ့ တော်လှန်ပုန်ကန်မှု အဆင့်မျိုးဆီ တက်လှမ်းဖို့ နှောင့်နှေးနေတုန်း ဖြစ်ပါတယ်။ သေချာတာက NUGအတွက် အခြေစိုက်နယ်မြေ ရရှိဖို့ ဘယ်လို အစီအမံကိုမဆို သတိကြီးကြီးနဲ့ ရေးဆွဲ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ တချို့ကလည်း အခြေစိုက်နေရာ ခိုင်ခိုင်မာမာ ရှိသွားရင် NUGဟာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ပိုပြီး ခံရလိမ့်မယ်လို့ ဝေဖန် ထောက်ပြကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောက်ခြေ စစ်ပွဲတွေ အဆင့်မှာသာ အကျိုးရှိပြီး မဟာဗျူဟာ အဆင့်ထိ ပေါက်မြောက်တာမျိုး မဟုတ်တာပါပဲ။

ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိရောက် အားကောင်းတဲ့ အသာစီးရမှုမျိုး မဖော်ဆောင်နိုင်ပါဘူး။ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လေလေ လေတပ်ရဲ့ လေယာဉ်မှူးတွေ ခြေကုန်လက်ပန်းကျပြီး စစ်လက်နက်နဲ့ အရင်းအမြစ် ပြုန်းတီးမှုတွေ ပိုများလေလေ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ခြေကုပ်နေရာ ရလာမှသာ လတ်တလော ကြုံနေရတဲ့ တံခါးတွေ ပိတ်သွားတော့မယ့် အချိန်လုနေရတဲ့ ပြဿနာအတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုဖြစ်ပြီး အချိန်တွေ ပိုဆွဲဆံ့ထားနိုင်မှာပါ။

(ကိုရဲမျိုးဟိန်းနှင့် Lucas Myers ရေးသားပြီး Wilson Centerတွင် ဖော်ပြထားသည့် The Closing Window Problem Facing Myanmar’s Pro-Democracy Forces ဆောင်းပါးကို DNAက ခြုံငုံဘာသာပြန်သည်)