ဘုတ်ပြင်းမြို့နယ်မှာ တအိမ်တယောက် စစ်သင်တန်းတက်ရမယ်လို့ စစ်ကောင်စီ ဖိအားပေးနေ

မတ်၊ ၉
 
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ အိမ်ထောင်စုတခုကို တဦးနှုန်းနဲ့ စစ်သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအပိုင်းက အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ယူထားတဲ့ တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေတဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို မတ်လအစောပိုင်းမှာ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီညွှန်ကြားချက်မှာဆိုရင် မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ကျေးရွာအသီးသီးက အိမ်ထောင်စုအားလုံး မဖြစ်မနေ တအိမ်ထောင်စုကို တဦးနှုန်းနဲ့ စစ်ပညာသင်တန်းတတ်ရောက်ရမှာဖြစ်ပြီး သင်တန်းမတတ်ရောက်တဲ့ အိမ်ထောင်စုအနေနဲ့ ဒဏ်ငွေ တသောင်းကျပ် ပေးဆောင်ရမှာဖြစ်ကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံပြောဆိုခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
“ အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေ လာပြောတာပါ။ အိမ်ထောင်စုတခုဆို တဦးနှုန်းတတ်ရမယ်။ မဖြစ်မနေ တက်ရမယ်။ တကယ်လို့ စာရင်းမပေးဘူး၊ မတက်ဘူးဆိုရင် ပိုက်ဆံတသောင်းပေးရမယ်။ ဒီလထဲမှာပဲ၊ ဒီလအစောပိုင်းမှာ သူတို့လာပြောတာ ” ဟု ၎င်းက ပြောပါတယ်။
 
သင်တန်းတက်ရောက်ရန်အတွက် အသက် ၁၈ နှစ်နဲ့အထက်ကစတင်ကာ အသက်အရွယ်အပိုင်းအခြားကန့်သတ်ထားတာ မရှိသလို အမျိုးသား၊ အမျိုးသမီးအားလုံး တတ်ရောက်နိုင်တာကို ပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
 
လက်ရှိ သင်တန်းတတ်ရောက်ဖို့ အသိပေးထားတဲ့ အဆင့်သာ ရှိသေးပြီး မည်သည့်နေ့မှာ နောက်ဆုံးထား စာရင်းပေးရမယ်ဆိုတာ အသိပေးထားခြင်း မရှိသေးပေမယ့်၊ သင်တန်းမတတ်တဲ့သူတွေဘက်က ပေးတဲ့ ဒဏ်ငွေတသောင်းကျပ်ကိုတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက စတင်လက်ခံရယူနေပြီလို့ သူက ဆက်ပြောပါတယ်။
 
“ ဘယ်နေ့စမှာလည်း မပြောသေးဘူး။ အခုတော့ သူတို့က သင်တန်းမတတ်ချင်တဲ့သူတွေဆိုရင် ပိုက်ဆံပေးနေကြပြီ။ အဲဒီလူတွေလေ၊ အဲဒီအုပ်ချုပ်ရေးအဖွဲ့တွေပေါ့၊ သူတို့ ယူတယ်၊ ယူတယ်၊ ပေးတာပေါ့။ဘယ်သူကမှ မတတ်ချင်ကြဘူး။ အခုသိရသလောက်တော့ ရွာက အားလုံးနီးပါးလိုလိုပဲ ပိုက်ဆံပေးလိုက်ကြတယ်။ သူတို့ကတော့ ပြောတယ်။ သင်တန်းမတတ်လို့ ပေးတဲ့ ပိုက်ဆံကိုတော့ သင်တန်းတတ်တဲ့ သူတွေကို ပြန်လည်ထောက်ပံ့ပေးဖို့အတွက်တဲ့ ” ဟု ၎င်းက ပြောပါတယ်။
 
ဒီလိုမျိုး အရပ်သားတွေကို စစ်သင်တန်းပေးဖို့ စာရင်းကောက်နေတာက ယခင်ကတည်းကလည်း တိုင်းအတွင်းက မြို့နယ်တချို့မှာ ရှိခဲ့သလို အများစုကတော့ စစ်တပ်ထောက်ခံတဲ့အဖွဲ့တွေကသာ တက်ရောက်ကြတယ်လို့ တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
 
“ ဒီလိုမျိုးက ပြည်သူတွေကို စစ်သင်တန်းပေးတဲ့ကိစ္စက အခုကတည်းက မဟုတ်ဘူး။ ဟိုးအရင်ကတည်းကပါ။ အများစုကတော့ တိုက်ပွဲ အဖြစ်များတဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး သင်တန်းပေးကြတယ်။ ကျွန်တော်တို့ သိရသလောက်ဆို ပြည်သူ့စစ်တို့၊ ပျူစောထီးတို့နဲ့ အတူတူပဲ ပေးကြတာ။ သူတို့ပဲ တက်ကြတာများတယ်။ ဒါပေမယ့် တစ်ခုပဲ ထူးခြားသွားတာ၊ မတတ်ရင် ပိုက်ဆံတသောင်းပေးရမယ့် ကိစ္စကပေါ့ အရင်တုန်းကတော့ သူတို့ဘက်က သင်တန်းတက်ဖို့ ဆွယ်ရင် တလကို ဘယ်လောက်ပေးမယ်၊ ခံစားခွင့်ဘာပေးမယ်၊ ညာပေးမယ်၊ ဆိုတာမျိုးနဲ့ သွားတာ အခုက အဲလိုမဟုတ်ဘူးပေါ့နော်။ အဲဒါပဲ ထူးခြားသွားတယ် ” ဟု ၎င်းက ပြောပါတယ်။
 
လက်ရှိမှာတော့ ဘုတ်ပြင်းမြို့နယ်အပြင် တခြားထိတွေ့ပစ်ခတ်မှုတိုက်ပွဲ မကြာခဏဖြစ်ပွားနေတဲ့ မြို့နယ်တွေဖက်မှာလည်း အရပ်သားတွေကို စစ်ပညာသင်တန်း ပေးနိုင်ဖို့အတွက် စာရင်းကောက်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
 
“ အခု ကျွန်တော်တို့ မြိတ်၊ ပုလော၊ သရက်ချောင်းဘက်မှာတော့ ရှိတယ်။ ဒါက ကျွန်တော်တို့ သိရသလောက်ပေါ့နော်။ အရင်ကတည်းကလည်း ပေးခဲ့ပြီးပြီ။ အခုလည်း သူတို့ လူအင်အားနည်းနေလို့ ပြည်သူတွေကို စစ်ပညာပေးဖို့ စာရင်းထပ်ကောက်ဖို့တော့၊ သတင်းရထားတယ်။ ဘယ်ရွာမှာ စကောက်နေပြီးလဲတော့ မသိရသေးပေမယ့် သူတို့ထောက်ခံတဲ့ ရွာတွေဘက်မှာတော့ စာရင်းကောက်နေပြီလို့ ကြားခဲ့ရတယ် ” ဟု ၎င်းက ပြောပါတယ်။
 
တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင် ယခုနှစ်အစောပိုင်းကစတင်ကာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက်အကျအဆုံး များနေတာ ဖြစ်ပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာနေပြည်သူလူထုတွေကို ပုံစံအမျိုးမျိုးနဲ့ စည်းရုံတာတွေ လုပ်ဆောင်ပြီး စစ်ပညာသင်တန်းတွေ ပို့ချဖို့အတွက် ထပ်မံပြင်ဆင်လာတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
ဓာတ်ပုံ – Social Media