စစ်တပ်လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတာ ရှစ်နှစ်ပြည့်အတွက် ပြောက်ကျားသပိတ်လုပ်

မတ်၊ ၉

စစ်ကောင်စီတပ်သားတွေလုံခြုံရေးတင်းကျပ်စစ်ဆေးနေတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ မတ်လ ၉ ရက်မနက်ပိုင်းက တော်လှန်ရေးအင်အားစုကလူငယ်တွေက စစ်အာဏာသိမ်းဆန့်ကျင်ရေးပြောက်ကျားသပိတ်တခုကိုပြုလုပ်ခဲ့ကြပါတယ်။

ဒီသပိတ်စစ်ကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS) နဲ့  မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြီးဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရခြင်း ၈ နှစ်ပြည့် အကြိုအထိမ်းအမှတ်လုပ်ခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာတော့ “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲ၀င်ကြ” စာသားပါဘန်နာအား ကိုင်စွဲပြီးစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်မတ်လ ၁၀ ရက်မှာ လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေးသပိတ်စစ်ကျောင်းကို ရဲတပ်ဖွဲ့ကအကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားနဲ့ ဝန်းရံသူပြည်သူ ၁၀၀ ကျော်ဟာလည်း သာယာဝတီအကျဉ်းထောင်မှာဖမ်းဆီးခံခဲ့ရပါတယ်။