မတ်၊ ၈
“ မင်းလိုနေတဲ့ ငွေပေးမယ် ချက်ဘောက်စ်ကနေ Sex Chat မလား ” ဆိုတဲ့ မေးခွန်းကို ရုတ်ရက်လိုအပ်လာတဲ့ ငွေကြေးတချို့အတွက်နဲ့ အမေးခံရတာမျိုး စာဖတ်သူအနေနဲ့ ကြုံဖူးပါသလား။
စီးပွားရေး အပါအဝင်အဖက်ဖက်က ချွတ်ခြုံကျလာတဲ့ မြန်မာနိုင်ငံထဲမှာ ငွေကြောင့် အမျိုးသမီးတွေဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက် စော်ကားမှုတွေ ပိုမိုခံစားနေရပါတယ်။
လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျတဲ့ စစ်တမ်းမျိုးတွေကို ဆောင်းပါးရှင်အနေနဲ့ မတွေ့ရှိသေးပေမယ့် လက်လှမ်းမီသမျှသော အမျိုးသမီးတွေရဲ့ ၉၀ ရာခိုင်နူန်းဟာ ယခင်က မကြုံဖူးတဲ့ နှောင့်ယှက်စော်ကားမှုတွေ ခံနေရပြီး ပြန်လည်ရင်ဆိုင်ဖြေရှင်းဖို့အတွက် လမ်းပျောက်နေတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
ဒီလိုကျူးလွန်သူတွေထဲမှာ ငွေကြေးပိုင်းဆိုင်ရာ ပြည့်စုံမှုရှိသူတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လေးစားခံရသူတွေ၊ လူသိများထင်ရှားသူတွေ၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေကြသူတွေလည်း ပါဝင်ပါတယ်။
တော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မငုဝါ ဟာ လေ့ကျင့်ရေးဆင်းနေရင်း ကျန်းမာရေးထိခိုက်မှုဖြစ်လာတာကြောင့် လိုအပ်တဲ့ဆေးဝါးဝယ်ယူနိုင်ဖို့ ကျပ်ငွေ ၅ သောင်း အကူညီတောင်းခံရာကနေ ကိုယ်လုံးတီးပုံတောင်းတာ ခံခဲ့ရပါတယ်။
သူက “ သူကပညာရေးဘက်ကမှာလုပ်နေတဲ့သူပါ။ အရင်ဆုံး ညီမကို နင် လေ့ကျင့်ခန်းတွေလုပ်နေရတော့ လှလာမှာပေါ့လို့ပြောတယ်။ နောက်တော့ အဲ့လိုလှနေတဲ့ပုံလေးကို အင်းကျီတွေမပါပဲ ဓာတ်ပုံရိုက်ပို့ပေး ငါ ငွေလွှဲပေးမယ်လို့ပြောလာတာ” လို့ တွေ့ကြုံခဲ့ဖူးတာကို ပြန်ပြောပြပါတယ်။
“လှတယ်လို့ အပြောခံရတိုင်း ပျော်ရတာမဟုတ်ပါဘူး ” ဆိုတဲ့ မငုဝါ က လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်နေတဲ့ သူ့ဆီကိုသာမက သူတို့အတွက် ရံပုံငွေရှာပေးနေတဲ့ အမျိုးသမီးတချို့ဟာလည်း အလှူငွေလိုချင်ရင်လို့ အစချီတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုဆိုတာဘာတွေလဲ
– နူတ်အားဖြင့် ဖြစ်စေ
(ဘော်ဒီကြီးက မိုက်တယ်ကွာ၊ ဟိတ် အသဲလေး၊ ရွှတ် … ရွှတ် စတာတွေကနေ ကိုယ့်ရဲ့စိတ်ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အတူနေဖို့ ပြောဆိုတာမျိုးတွေအထိ ပါဝင်ပါတယ်။)
– အပြုအမူအားဖြင့်ဖြစ်စေ
(သူ့ရဲ့လိင်ပိုင်းဆိုင်ရာ နေရာတွေကို မိမိကိုရည်ရွယ်ပြီး မမြင် မြင်အောင်ပြတာတွေကနေစလို့ လိင်ဆက်ဆံခြင်းဆိုင်ရာ အပြုအမူ အမျိုးမျိုးလုပ်ပြတာတွေ ပါဝင်ပါတယ်။)
– အထိအတွေ့အားဖြင့်ဖြစ်စေ
(ပုခုံးဖက်တာ၊ ခေါင်းပုတ်တာကနေစလို့ သူ့ရဲ့လိင်ပိုင်းဆိုင်ရာ နေရာတွေကို ထိတွေ့ခိုင်းတာ၊ မိမိရဲ့ လိင်ပိုင်းဆိုင်ရာနေရာတွေ ထိတွေ့ခံရတာတွေအထိ ပါဝင်ပါတယ်။)
– ဩဇာသုံးပြီးဖြစ်စေ
(မိမိရှိနေတဲ့နေရာ၊ မိမိကျင်လည်ရာအသိုင်းအဝိုင်း၊ လုပ်ငန်းခွင် စတာတွေမှာ ဩဇာနဲ့ပါဝါ သက်ရောက်မှုကြီးတဲ့သူတွေက ဒီပါဝါကို အသုံးချပြီး ဖိအားပေး စော်ကားတာတွေလည်း ပါဝင်ပါတယ်။
ရာထူးတိုးဖို့၊ လစာတိုးဖို့၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေရဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားတာတွေဟာ လက်တွေ့မှာရင်ဆိုင်ရခက်ခဲလေ့ရှိပါတယ်။)
– Online
(လက်ရှိအချိန်မှာ အဖြစ်အများဆုံးကတော့ အွန်လိုင်းပေါ်မှာဖြစ်ပါတယ်။ လူမှုကွန်ရက်တွေကနေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကို အထိအတွေ့အားဖြင့်ပြုလုပ်နိုင်ခြင်းကလွဲလို့ အခြားသော ပုံစံမျိုးစုံကို အသုံးပြုနိုင်ပါတယ်။
ချက်ဘောက်စ်တွေထဲကို Porn ဇာတ်ကားတွေ၊ ပုံတွေ ပို့တာမျိုးတွေကနေ Sex Chat ဖို့ပြောတာမျိုးတွေ၊ မိမိရဲ့ပုံတွေကို အသုံးပြုပြီး အကောင့်တုတွေဖွင့်ကာ Porn ဆိုက်တွေမှာ လိင်အလုပ်သမ Sex Worker ကဲ့သို့ ပို့စ်တွေတင်တာမျိုးအထိ ပါဝင်ပါတယ်။)
ဒါကြောင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရမှု(Sexual harassment)လို့ဆိုလိုက်ရင် မိမိရဲ့ သဘောဆန္ဒမပါဘဲ ဖိအားပေးခံရခြင်းအပါအဝင် စိတ်ကိုမသက်မသာဖြစ်စေတဲ့ အပြုအမူ၊ အပြောအဆို၊ အထိအတွေ့ ဆောင်ရွက်ချက်တွေလို့ အလွယ်မှတ်သားထားနိုင်ပါတယ်။
အမျိုးသမီးတဉီးကို “ ရွှတ်…ရွှတ်” ဆိုပြီး စနောက်တာ အပါအဝင် နူတ်သရမ်းမှုတွေအတွက် အမျိုးသမီးများအားကာယိန္ဒြေပျက်စီးစေမှု (ပုဒ်မ – ၃၅၄)ကနေစလို့ မုဒိမ်းမှု (ပုဒ်မ ၃၇၆)အထိ အဆင့်ဆင့်တိုင်းအတွက် ဥပဒေပြဌာန်းထားတာတွေရှိပါတယ်။
ဒီဉပဒေပြဌာန်းချက်တွေကို အသုံးချနိုင်ဖို့ ပြီးခဲ့တဲ့ အရပ်သားအစိုးရကာလတုန်းက အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းတာခံရပြီး နောက်ပိုင်းပြိုလဲသွားခဲ့တဲ့ တရားဉပဒေစိုးမိုးရေးမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေကို ဥပဒေအရ တုန့်ပြန်နိုင်တဲ့ အခွင့်အရေးတွေပါ ပျောက်ဆုံးသွားခဲ့တာပါ။
Sexual harassment ကို အမျိုးသမီး၊ အမျိုးသား၊ LGBT စတဲ့ဘယ်သူမဆို၊ ဘယ်လိုအသက်အရွယ်မဆို ကြုံတွေ့ရနိုင်ပေမယ့် အများစုခံရသူတွေဟာ အမျိုးသမီးတွေသာဖြစ်ကြတယ်လို့ UN Women UK ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီစစ်တမ်းဟာ အင်္ဂလန်UK လို လူ့အခွင့်အရေးထွန်းကားတဲ့ နိုင်ငံမှာကောက်ယူထားတဲ့ စစ်တမ်းဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြားက အမျိုးသမီး ၉၇ ရာခိုင်နူန်းဟာ Sexual harassment ကိုခံစားရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ အများကြီး ပိုဆိုးနိုင်တယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူ တစ်ဉီးဖြစ်ပြီး လက်ရှိမှာလည်း Sexual harassment ပတ်သက်လို့ ဘယ်လိုခုခံကာကွယ်ရမလဲဆိုတာကို သင်ကြားပေးနေတဲ့ မသန္တာက ပြောပါတယ်။
သူက “ ကိုယ့်ကိုစော်ကားနေတယ်လို့ခံစားရရင် မကြိုက်ဘူးဆိုတဲ့အကြောင်းကို ချက်ချင်းတုန့်ပြန်ပါ။ အကြောင်းအမျိုးမျိုးကြောင့် မတုန့်ပြန်နိုင်ရင်လည်း အခွင့်သာတဲ့အချိန်တွေမှာ တုန့်ပြန်ပါ။ စော်ကားမှုတွေကို တုန့်ပြန်ရင်ဆိုင်နိုင်မှ ရပ်တန့်နိုင်မှာပါ ” လို့ ဆိုပါတယ်။
လက်ရှိအနေအထားအရ မြန်မာအမျိုးသမီးတွေအတွက် ကာကွယ်အရေးယူပေးနိုင်တဲ့ ဉပဒေက ပျက်ဆီးနေပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကတော့ အပြည့်အဝရှိသလို ဒါဟာ ကိုယ့်ရဲ့အမှားကြောင့်ဖြစ်လာတာလည်း မဟုတ်ပါဘူး။
တကယ်လို့ သင် က ဒီအခြေအနေကို ကြုံတွေ့နေရပြီဆိုရင် –
- ဦးစွာ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ထံတွင် အပြစ်လုံးဝမရှိပါ။
- သင်၏ အလိုလိုသိစိတ်ကို ယုံကြည်ကာ ခြိမ်းခြောက်မှုများကို အလေးအနက်ထားပါ။ လူတစ်ဦးနှင့် (သို့မဟုတ်) ပတ်ဝန်းကျင်တစ်ခုတွင် လုံခြုံမှုမရှိဟု ခံစားရပါက များသောအားဖြင့် သင်သည် အမှန်တကယ် လုံခြုံမှု မရှိနိုင်ပါ။
- သက်သေအထောက်အထားများနှင့် မှတ်တမ်းများ ထားရှိပါ။ ပြောဆိုချက်များ၊ နေရာနှင့် အချိန်ကို ချရေးထားပါ။ အီးမေးလ်များနှင့် ဖုန်းမက်ဆေ့ချ်များကို သိမ်းထားပါ။ သက်သေရှိပါက ထိုသက်သေများနှင့် အဆက်အသွယ် မပြတ်ပါစေနှင့် သို့မဟုတ် ယုံကြည်စိတ်ချရသည့် မိတ်ဆွေတစ်ဦးအား မျက်မြင်သက်သေအဖြစ် ဖြစ်ရပ်အချို့ကို စောင့်ကြည့်ခိုင်းပါ။
- ယုံကြည်စိတ်ချရသော မိတ်ဆွေ၊ လုပ် ဖော်ကိုင်ဖက် (သို့ )နှစ်သိမ့်ဆွေးနွေးပေးသူကို ရှာဖွေ၍ပြောပြပါ။
- လိုအပ်ပါက ဘေးကင်းလုံခြုံရေးအစီအစဉ်တစ်ခုကို ရေးဆွဲပါ။
- အလုပ်ခွင်၊ ကျောင်း သို့မဟုတ် အိမ်တွင်ဖြစ်ပါက အထက်အဆင့် ဒါမှမဟုတ် သင့်ကိုလုံခြုံမှုပေးနိုင်တယ်လို့ ယုံကြည်ယူဆရတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပါ။
စစ်ရေးဒေသတွေမှာ မုဒိမ်းကျင့် သတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ စစ်တပ်အပါအဝင် Sexual harassment ကိုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ပြစ်ဒဏ်က ကင်းလွတ်ခွင့် မပြုခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်ဖို့လိုတယ်လို့ Sister 2 Sister အဖွဲ့က မခေမာက ဆိုပါတယ်။
သူက “ အခုက ညီမတို့က စစ်တပ်ကကျူးလွန်တာတွေကို ပြောကြပေမယ့် တပ်ကလုပ်တာမဟုတ်တဲ့ အခြားသော ကေ့စ်တွေမှာ ငါပြောလိုက်ရင် ငါထုတ်ဖော်လိုက်ရင် တော်လှန်ရေးကို ထိခိုက်သွားမလားဆိုတာမျိုး တွေးကြတာတွေရှိတယ်။ ဒါကမှားတယ် တော်လှန်တယ်ဆိုတာမှာ ဒါတွေကိုပါတော်လှန်ရမှာ ကိုယ့်ဘက်ကလူမို့ မျက်လုံးမှိတ်ထားမယ် လုပ်လို့မရဘူး ” လို့ ရှင်းပြပါတယ်။
ဒီပြဿနာတွေကို ပြည်ပကိုရှောင်တိမ်းနေရပြီး နယ်စပ်ဒေသတွေမှာ တရားမဝင်နေထိုင်နေကြရတဲ့ အမျိုးသမီးတွေဆီမှာလည်း တွေ့မြင်နိုင်ပါတယ်။
ဒါတွေနဲ့ပတ်သက်လို့ ရင်ဖွင့်တိုင်ကြားချင်တယ်၊ အကူညီတောင်းချင်တယ်ဆိုရင်တော့ #Metoo၊ Sister 2 Sister ၊ Women’s League Of Burma (WLB) စတာတွေအပြင် သက်ဆိုင်ရာအလိုက် အမျိုးသမီးအဖွဲ့တွေရှိနေပါတယ်။
ဒါကြောင့် အမျိုးသမီးဖြစ်နေလို့ ခံစားနေရတဲ့ Sexual harassment တွေကို မြိုသိပ်သည်းခံတာမျိုးတွေ မလုပ်ဘဲ တော်လှန်ဖို့လိုတယ်လို့ ဆိုလာတဲ့ မသန္တာက “ ကျွန်မတို့ဟာ အာဏာရှင်ကို ဆန့်ကျင်နေသလို ဒါတွေကိုလည်း(Sexual harassment) ဆန့်ကျင်ဖို့ သတ္တိရှိပါလို့ တိုက်တွန်းချင်ပါတယ် ” တဲ့။
ဓာတ်ပုံ – Women Alliance Burma