မီဒီယာတွေနဲ့ ပုံနှိပ်၊ ထုတ်ဝေသူတွေကို အရေးယူနိုင်မယ့် နည်းလမ်းထပ်တိုးထားတဲ့ဥပဒေ စစ်ကောင်စီထုတ်ပြန်

မတ်၊ ၈

ပုံနှိပ်၊ ထုတ်ဝေမှုတွေနဲ့ပတ်သက်လို့ အရေးယူနိုင်တဲ့နည်းလမ်းတွေထပ်တိုးထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကိုစစ်ကောင်စီက မတ်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

 ပြည်ထောင်စုလွှတ်တော်က (၂၀၁၄)ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကို စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။

 စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ အဲ့ဒီဥပဒေအရ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သတင်းပေးတိုင်ကြားခံရရုံနဲ့ လုပ်ငန်းလိုင်စင် အပြီးရုပ်သိမ်းတာ၊ ဒါမှမဟုတ် ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာ တွေ လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

မူလဥပဒေမှာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေ၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေမယ့်အကြောင်းအရာတွေ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုတွေကို အားပေးလှုံ့ဆော်တဲ့ ဖော်ပြမှုတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ အဲ့ဒီလို တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ သတင်းပေးပို့ခံရလို့ ငြိစွန်းကြောင်းစစ်ဆေးတွေ့ရှိရင် လုပ်ငန်းလိုင်စင်ကို ပြန်လည် ရုပ်သိမ်းတာ၊ ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာတွေလုပ်နိုင်တယ်လို့ စစ်ကောင်စီက အသစ်ဖြည့် စွက်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် တားမြစ်ချက်နဲ့ ငြိစွန်းတဲ့ ထုတ်ဝေစာတွေကို တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း သတ်မှတ်ကြေညာဖို့နဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ သိမ်းယူဖို့ကိုလည်း စစ်ကောင်စီက ထပ်တိုးဖြည့်စွက်ထားပါတယ်။

အာဏာသိမ်းအပြီး လပိုင်းအကြာကတည်းက စစ်ကောင်စီက ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေကို ဖိအားပေးထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ သတင်းဌာနတွေကို ထုတ်ဝေခွင့်တွေ ပိတ်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီက သတင်းဌာန ၁၄ခုကို ထုတ်ဝေခွင့်တွေ ပိတ်သိမ်းခဲ့သလို သတင်းဌာနမဟုတ်တဲ့ စာပေထုတ်ဝေဖြန့်ချိရေးလုပ်ငန်း လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလာတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဟာလည်း ပြည်တွင်းမှာ ဆက်လက်ရပ်တည်နေတဲ့ မီဒီယာတွေနဲ့ စာပေထုတ်ဝေရေး လုပ်ငန်းတွေအပေါ် ပိုမိုတင်းကျပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်တချို့က DNA ကို ပြောပါတယ်။

လက်ရှိဥပဒကိုပြင်ဆင်ခဲ့တာဟာ စစ်ကောင်စီအပေါ် ကလောင်စွဲကိုင်တော်လှန်နေသူတွေအပေါ် အဓိက ဖိအားပေးချင်တာဖြစ်တယ်လို့ ပုံနှိပ်၊  ထုတ်ဝေရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဓာတ်ပုံ – PA