မတ်၊ ၈
ကျားမ တန်းတူညီမျှ ဖြစ်ခွင့် ရည်မှန်းချက် အောင်မြင်ဖို့ နောက်ထပ် နှစ်ပေါင်း သုံးရာလောက် စောင့်ရမယ့် အခြေအနေ ဖြစ်နေပြီလို့ ကုလသမဂ္ဂ အကြီးအကဲက ဝေဖန် ပြောကြားသွားခဲ့ပါတယ်။
အမျိုးသမီး အခွင့်အရေး မြှင့်တင်မှုတွေဟာ ဆယ်စုနှစ်တွေနဲ့ချီ အရှိန်ကောင်းလာရာက နောက်ပိုင်းမှာ အဖျားရှူးသွားလို့ အခုဆိုရင် ကျားမ တန်းတူညီမျှဖြစ်ရေး မျှော်လင့်ချက်ဟာ နှစ်ပေါင်း ရာနဲ့ချီ ပြန်ဝေးကွာသွားပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာ ကော်မရှင် အစည်းအဝေးမှာ နိုင်ငံတကာ အမျိုးသမီးများနေ့အကြို မိန့်ခွန်း ပြောတဲ့အခါ ဂူတာရက်စ်က မျက်စိရှေ့မှာ နီးနီးကပ်ကပ် တွေ့မြင်လာရတဲ့ ကျားမ တန်းတူညီမျှ ဖြစ်ခွင့်ဟာ အခုအခါ ပြန်ပျောက်ဆုံးသွားပြီလို့ သတိပေး သွားပါတယ်။
အကောင်းဆုံး ဥပမာ တခုအနေနဲ့ အာဖဂန် နစ္စတန် နိုင်ငံမှာ တာလီဘန် စစ်သွေးကြွတွေ အာဏာရလာတဲ့နောက် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေ အားလုံးလိုလိုကို ဖျက်သိမ်းပစ်ခဲ့တာကို ဂူတာရက်စ်က ထောက်ပြခဲ့ပါတယ်။
တာလီဘန်တွေဟာ ထောက်ပံ့ကူညီရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့သလို အမျိုးသမီးတွေရဲ့ တက္ကသိုလ် ပညာသင်ခွင့်ကို တားမြစ်ခဲ့တဲ့အပြင် ကျောင်းတချို့ကိုပါ တက်ရောက်ခွင့် ကန့်သတ်လိုက်ပါတယ်။
နိုင်ငံ အများအပြားမှာ အမျိုးသမီးတွေရဲ့ လိင်မှုနဲ့ မီးဖွားခွင့်ဆိုင်ရာ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေဟာ ခေတ်နောက်ပြန် ဆွဲမှုတွေ ရှိနေတယ်လို့လည်း ဂူတာရက်စ်က ဆိုပါတယ်။ အမေရိကန်မှာ ကိုယ်ဝန် ဖျက်ချပိုင်ခွင့် သတ်မှတ်ချက်ကို ပြန်ရုပ်သိမ်းခဲ့တဲ့ ဖြစ်စဉ်ကိုတော့ ဂူတာရက်စ်က သူ့ရဲ့ မိန့်ခွန်းထဲမှာ တိုက်ရိုက် ရည်ညွှန်း မသွားခဲ့ပါဘူး။
အရင်တုန်းက ကျားမ တန်းတူညီမျှ ဖြစ်ရေး ရည်မှန်းချက်ဟာ အတော်လေး ခရီးရောက်နေပြီးမှ အခုတော့ နောက်ပြန်ဆွဲပြီး နှစ်ပေါင်း သုံးရာလောက် ဝေးကွာသွားလောက်ပြီလို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလက ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာက ရုရှားတပ်တွေဟာ ယူကရိန်း အမျိုးသမီး တော်တော်များများကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှု ဖြစ်စဉ်တွေထဲက ထင်ရှားတဲ့ နောက်ထပ် ဥပမာ တခုအဖြစ် အီရန်မှာ အမျိုးသမီးငယ်တဦး မတရား နှိပ်စက် သတ်ဖြတ်ခံရတဲ့အပေါ် အုံကြွ ဆန္ဒပြတဲ့ ပြည်သူတွေကို အစိုးရက ရက်ရက်စက်စက် ဖိနှိပ် နှိမ်နင်းခဲ့ပြန်ပါတယ်။
တဖက်မှာလည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တချို့က ကုလသမဂ္ဂ ကိုယ်တိုင်ရဲ့ အမျိုးသမီးတွေအပေါ် နေရာပေးမှုကို ထောက်ပြ မေးခွန်းထုတ်မှုတွေ ရှိနေပြန်ပါတယ်။ ဂူတာရက်စ် လက်ထက်ထိ ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် ၉ ဦး ပြောင်းလဲခဲ့ပြီး ဖြစ်ပေမယ့် အမျိုးသမီး တဦးမှ မပါခဲ့ဘူးလို့ သိရပါတယ်။
Ref: Washington Post