Nord Stream ပိုက်လိုင်း ပေါက်ကွဲမှုနဲ့ ဆက်စပ်မှု မရှိကြောင်း ယူကရိန်း ဖြေရှင်း

မတ်၊ ၈

ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပဆီ တင်ပို့ဖို့ သွယ်တန်းထားတဲ့ Nord Stream ပိုက်လိုင်းကြီး ပေါက်ကွဲမှုမှာ ပါဝင် ဆက်စပ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက Nord Stream ရေအောက် ပိုက်လိုင်းကြီးဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးမှု ကြုံရတယ်ဆိုတဲ့ အခြေအနေကြောင့် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထင်ကြေးတွေ၊ စွပ်စွဲချက်တွေ မျိုးစုံ ထွက်ပေါ်ခဲ့ပေမယ့်လည်း တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေမျိုးတော့ ဘယ်သူမှ မပြသနိုင်ခဲ့သေးပါဘူး။

မကြာသေးခင်က အမေရိကန် ထောက်လှမ်းရေး အရာရှိ တဦးကို ကိုးကားပြီး New York Times သတင်းဌာနက Nord Stream ပေါက်ကွဲမှုဟာ ယူကရိန်း အစိုးရကို လိုလားတဲ့ အဖွဲ့အစည်း တခုရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ထုတ်ဖော် ရေးသားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂျာမန် မီဒီယာတွေကလည်း ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှုမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရတဲ့ လှေတစီးကို ခြေရာခံမိထားကြောင်း ဖော်ပြခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လတုန်းက Nord Stream ပိုက်လိုင်း အမှတ် ၁ ကနေ ဥရောပကို ဓာတ်ငွေ့ ပို့ဆောင်မှုတွေ ဆိုင်းငံ့ထားခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ချိန်မှာ ဓာတ်ငွေ့တွေတော့ ရှိမနေခဲ့ပါဘူး။ Nord Stream ပိုက်လိုင်း အမှတ် ၂ ကတော့ လက်ရှိအချိန်ထိ လုံးဝ ဓာတ်ငွေ့ တင်ပို့မှု လုပ်ငန်းတွေ မလည်ပတ်သေးပါဘူး။

စက်တင်ဘာ ၂၆ ရက်က ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်တဲ့ အကြောင်းရင်းကိုလည်း လက်ရှိ အချိန်ထိ တိတိကျကျ မဖော်ထုတ်နိုင်သေးပေမယ့် တိုက်ခိုက်မှု တခုကြောင့်လို့တော့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

New York Times သတင်းဌာနက ဆက်သွယ်ခဲ့တဲ့ အမည်မဖော်လိုသူ အမေရိကန် ထောက်လှမ်းရေး အရာရှိက Nord Stream တိုက်ခိုက်မှုဟာ ယူကရိန်းနဲ့ ဆက်စပ်နိုင်ပေမယ့် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဖြစ်စေ၊ သူ့ရဲ့ ထိပ်တန်း အရာရှိတွေဖြစ်စေ ညွှန်ကြားခဲ့တယ်ဆိုတဲ့ ဘယ်လို အထောက်အထားမှတော့ မရှိဘူးလို့ ပြောသွားပါတယ်။

ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အရာရှိ မိုင်ခေလို ပိုဒိုလ်ယက်ခ်ကတော့ Nord Stream ပေါက်ကွဲမှုဟာ ယူကရိန်း အစိုးရနဲ့ ဆက်နွှယ်မှု လုံးဝ လုံးဝ မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ နောက်ပြီး ပိုက်လိုင်း ပေါက်ကွဲတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ယူကရိန်း အစိုးရက သတင်း ကြိုရထားတာမျိုးလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ရုရှားဖက်ကတော့ အစောပိုင်း သူတို့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မှန်ကန်တယ်ဆိုတာ တစထက်တစ ပေါ်လွင်လာနေပြီလို့ အခု အခြေအနေကို တုံ့ပြန် မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားဟာ အနောက်ဥရောပ နိုင်ငံတွေကို ဓာတ်ငွေ့ ပမာဏ အမြောက်အမြား ဆယ်စုနှစ်တွေနဲ့ချီ တင်ပို့ ရောင်းချနေခဲ့ပေမယ့် ယူကရိန်း စစ်ပွဲ စတင်လာချိန်နောက်ပိုင်း ဥရောပ နိုင်ငံ အများစုဟာ ရုရှားရဲ့ ဓာတ်ငွေ့အပေါ် မှီခိုမှုကို သိသိသာသာ လျှော့ချခဲ့ကြပါတယ်။

Ref: BBC