ထီးလင်းနယ် ထလင်းရွာကို စစ်ကောင်စီတပ်က စီးနင်းပြီး ရိက္ခာတွေလုယူ၊ နေအိမ်တချို့မီးရှို့

မတ်၊ ၇

မကွေးတိုင်းဒေသကြီး၊ ယောဒေသ ထီးလင်းမြို့နယ်၊ ထလင်းရွာကို ဒီကနေ့ မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ အင်အားလေးဆယ်ကျော်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရိက္ခာတွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးလင်းမြို့ပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ထီးလင်းမြို့နဲ့ နှစ်မိုင်ဝန်းကျင်အကွာက ထလင်းကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ရွာသူရွာသားတွေဟာ ကျေးရွာတွင်းမှာ ပိတ်မိသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” ရိက္ခာတွေကိုက ရွာထဲမှာ ပိတ်မိတ်နေတဲ့သူတွေရဲ့ လှည်းတွေနဲ့ ထီးလင်းမြို့ပေါ်ကို သယ်ခိုင်းတယ်။ လှည်းအစီး အရေအတွက်ကိုတော့ မသိနိုင်သေးဘူး။ သူတို့ရိက္ခာတွေပြတ်တော့ လုပ်တော့တာလေ” လို့ ဒေသခံတဦးက ပြော ပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှုကြောင့် ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေဆီကို ကားလမ်းကနေ ရိက္ခာဝင်ရောက်မူမရှိတာ တလဝန်းကျင်ရှိပြီဖြစ်တယ်လို့ ထီးလင်းမြို့နယ် အ​ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ YRA စစ်ဦးစီး သခင်ဇော်က ပြောပါတယ်။

” သူတို့တွေ ရိက္ခာမရှိတော့ဘူး၊ ခိုးသယ်တာလောက်ပဲ ရှိကောင်းရှိမယ်၊ မြို့ထဲက သူတွေအတွက်ပါ သူတို့ဝေပေးရမယ်ထင်တယ်၊ မြို့ပေါ်မှာရှိတဲ့သူတွေကို သူတို့က မြို့ထဲကနေ အထွက်မခံတော့ဘူး၊ မြို့ထဲကနေ ထွက်ပြီးရင်လည်း ပြန်အဝင်မခံတော့ဘူး။ ယုံကြည်မူမရှိတော့တာပေါ့” လို့ သခင်ဇော်က ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ ထလင်းရွာကနေ ရိက္ခာတွေကို လုယက်သယ်ယူရုံတင်မက ရွာသူရွာသားတွေရဲ့ ဖုန်းတွေကိုပါ အကုန်သိမ်းဆည်းသွားကြတာဖြစ်ပြီး နေအိမ်တချို့ကိုလည်း မီးရှို့သွားဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်ပျက်စီးတဲ့ နေအိမ်သုံးလေးအိမ်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ထီးလင်းမြို့နယ် နယ်မြေအများစုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ဆိုပြီး နယ်လက်ကျေးရွာတွေက ပြည်သူတွေဟာလည်း ထီးလင်းမြို့ပေါ်ကို အသွားအလာ မလုပ်ကြတာ တလဝန်းကျင်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးလင်းမြို့ပေါ်ကို ဂန့်ဂေါဘက်နဲ့ ပခုက္ကူဘက်ကနေ ကားနဲ့လာရောက်နိုင်ပြီး အဆိုပါလမ်းပိုင်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက အဓိကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ခုခံတော်လှန်အားကောင်းတဲ့ ယောဒေသ၊ ဂန့်ဂေါ ၊ ထီးလင်း၊ ကျောက်ထု မြို့နယ်တွေက လမ်းပိုင်းအများစုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီမြို့တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ရိက္ခာအတွက် မြို့အနီးဝန်းကျင်က ကျေးရွာတွေကို ပစ်မှတ်ထား စီးနင်းလုယက်မှုတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့အနောက်မြောက်ဘက် စိန်ဒူးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ္စည်းတွေ ယူဆောင်ခဲ့သလို ကျောက်ထုမြို့နယ်မှာလည်း ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးပြီး ပစ္စည်းတွေ ယူဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးလုယက်စဥ်မှာ လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေအအနေနဲ့ လက်နက်ကြီးအန္တရာယ် ဂရုစိုက်ကြဖို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – Google

ပုံစာ – ယောဒေသအတွင်း တွေ့ရတဲ့ စစ်ယာဥ်တန်းတခု