တိုက်ပွဲတွေကြားမှာပဲ ကရင်နီတောင်တန်းတွေ ပြန်လည်စိမ်းလန်းဖို့ ဆောင်ရွက်သွားဖို့စီစဉ်နေ

မတ်၊ ၇

စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝထိန်းသိမ်းရေးအဖွဲ့က တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီဒေသထဲက တောင်ကတုံးဖြစ်နေတဲ့ နေရာတွေမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး နှစ်ရှည်ပင်တွေစိုက်ပျိုးကာ ပြန်လည်စိမ်းလန်းရေး ပြုလုပ်သွားဖို့ စီစဉ်နေတဲ့အကြောင်းကို မတ်လ ၆ ရက်ညက မဲဆောက်မြို့မှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကနေ တိုက်ပွဲတွေကြောင့် ဝင်ငွေရရှိမှု နည်းပါးသွားတဲ့ ဒေသခံတချို့ကို အကူညီပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိတဦးဖြစ်တဲ့ မထူးမေ က ပြောပါတယ်။

သူက “ ဒီလိုမျိုးတိုက်ပွဲတွေဖြစ်နေတာကြောင့် ဒီအချိန်မှာ ပိုလို့စိုက်သင့်ပါတယ်။ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့တောတောင်တွေအတွက် စိုက်လို့ရတဲ့နေရာတွေမှာ အစားထိုးပြန်စိုက်ဖို့ လိုတယ်။ မဟုတ်ရင် ဒေသခံတွေဟာ မိုးခေါင်ရေရှားတဲ့ဒဏ်ကို ထပ်ထပ်ခံနေရလိမ့်မယ် ” လို့ရှင်းပြပါတယ်။ အဲဒိအစီအစဉ်ကိုယ်ထူကိုယ်ထဆောင်ရွက်တာလို့လည်းမထူးမေကပြောပါတယ်။

မထူးမေဟာ ၂၀၀၅ ခုနှစ်ကတည်းက တောတောင်ပြန်လည်စိမ်းလန်း‌ရေး ဆောင်ရွက်လာခဲ့သူဖြစ်ပြီး ကရင်နီဒေသမှာလည်း အာဏာမသိမ်းခင်ကာလက ဆောင်ရွက်ခဲ့တဲ့ ပြန်လည်စိမ်းလန်းရေး ပရောဂျက်တွေ အောင်မြင်ခဲ့တာကြောင့် ဆက်လက်လုပ်ကိုင်ဖို့ ပြင်ဆင်တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတတွေကြားမှာ အပင်စိုက်သင့်ရဲ့လားဆိုတာနဲ့ ပတ်သက်လို့ စိုက်ပျိုးရေး ပညာရှင်တဉီးဖြစ်တဲ့ ကိုယောနသံ က “ တိုက်ပွဲတွေက ဘယ်အချိန်ပြီးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ။ဒါပြီးမှ အပင်စိုက်မယ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကြီး တခုလုံးကို ပျက်ဆီးသွားမှလားဆိုတာ မေးစရာရှိတယ်ပေါ့နော်။ တကယ်တော့ သစ်ပင်စိုက်တယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိုက်သင့်ပါတယ် ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က စိမ်းလန်းမြေ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ထားခဲ့ပြီး အဲ့ဒီအထဲမှာ ဒေသခံတွေကိုယ်တိုင်ပါဝင်လို့ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှစ်ရှည်အစီအစဥ်တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပါဝင်ပါတယ်။

တောင်တန်းဒေသ ပြန်လည်စိမ်းလန်း စိုပြေဖို့အတွက် အဓိက ကျတဲ့ သစ်ပင်တွေပျိုးထောင်ဖို့၊ ဒေသမြေဆီလွှာနဲ့ ကိုက်ညီတဲ့ သစ်မာမျိုးစေ့တွေကို နှစ်ရှည်ပင် ဖြစ်တဲ့အထိ ဒေသခံတွေရဲ့ အကူအညီနဲ့ ပျိုးထောင်စိုက်ပျိုးသွားဖို့၊ ပါဝင်စိုက်ပျိုးတဲ့ ဒေသခံတွေအတွက်လည်း သစ်ပင်စိုက်ပျိုးခြင်းကနေ ဝင်ငွေတစ်ခုရရှိဖို့ စီစဥ်ထားပေးပြီး အပင်ဖြစ်ထွန်းမှုအလိုက် ဂုဏ်ပြုဆုချီး မြှင့်ဖို့ စတဲ့ စိတ်ပိုင်း ဆိုင်ရာမြှင့်တင်မှုတွေ ပြုလုပ်ဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ကရင်နီဒေသလို့ဆိုရင် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံအထိ ပါဝင်ပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသဖြစ်တာကြောင့် စစ်ကောင်စီက အင်အားသုံးဖိနှိပ်တာခံနေရတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။ 

ဒီဒေသတွေဟာ ယခင်ကတည်းက ရွေ့ပြောင်းတောင်ယာတွေကြောင့် တောင်ကတုံးတွေဖြစ်ကာ ရာသီဥတု ဖောက်ပြန်မှုတွေဖြစ်နေပြီး လက်ရှိကာလမှာလည်း လက်နက်ကြီးအန္တရာယ်ကြောင့် စစ်ရှောင်စခန်းတွေ အကြိမ်ကြိမ်ပြောင်းရွေ့နေရတာ၊ သစ်ခိုးထုတ်မှုတွေရှိနေတာကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်လာတယ်လို့ စိမ်းလန်းမြေ ရဲ့ အချက်အလက်တွေအရ သိရပါတယ်။