ခင်ဦးမြို့နယ်မှာစစ်ရှောင်ရင်းအသက်ကိုးဆယ်အရွယ်အဖွားတဦးအအေးမိပြီးကွယ်လွန်

မတ်၊ ၇

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်စစ်ရှောင်ရင်းအသက်၉၀အရွယ်အဖွားအိုတဦးအအေးမိပြီးဒီကနေ မတ်လ ၇ရက်၊ မနက်မှာကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသူကသရက်ကုန်းကျေးရွာက  အသက်၉၁နှစ်ဒေါ်ခင်တုပ် တဲ့။ဒီမနက်ပိုင်းကစစ်‌ရှောင်ရင်းတောထဲမှာအအေးပတ်ပြီးဆုံးတာ”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNAကိုပြောပါတယ် ။

ကွယ်လွန်သူနဲ့ပတ်သက်တဲ့မိသားစုအကြောင်းအရာကိုတော့ မသိရသေးဘူးလို့လည်းပြောပါတယ်။

မနေ့ကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ 

“စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ အများကြီးပါဝင်နေတာကြောင့်အရေးပေါ်အကူအညီလိုအပ်နေတယ်”လို့ ကိုသားစစ်လင်းကပြောပါတယ်။

မတ်လ၆ရက်ကလည်းစစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်စဉ်မှာလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်  မုံလှကျေးရွာက အသက်၈နှစ်အရွယ် မစုရတနာမြင့် ဟာ လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင်အမျိုးသားနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

အာဏာသိမ်းအပြီး စစ်ရှောင်ရတဲ့ လူပေါင်း ၁ဒဿမ ၆သန်းအနက် ရှစ်သိန်းနဲ့ အိမ်ပေါင်းငါးသောင်းငါးထောင်ကျော် မီးရှို့ခံရတဲ့အနက် လေးသောင်းကျော်ဟာစစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ တလတည်းအတွင်းမှာနေအိမ်ပေါင်း  ၆၁၅၈လုံး  ၊ဘာသာရေးအဆောက်အအုံ၁၁ခု ၊စာသင်ကျောင်းပေါင်း၁၁ကျောင်းမီးရှို့ဖျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Photo ခင်ဦးသတင်းမှန်ပြန်ကြားရေး