အင်ဒိုနီးရှား ကျွန်းတခုမှာ မြေပြိုမှုတွေကြောင့် လူဒါဇင်နဲ့ချီသေပြီး အများအပြား ပျောက်ဆုံး

မတ်၊ ၇

အင်ဒိုနီးရှားပိုင် ကျွန်းတကျွန်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုမှု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့သလို နောက်ထပ် အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။

 တောင်တရုတ် ပင်လယ်ထဲက ဝေးလံသီခေါင်တဲ့ ဆီရာဆန်ကျွန်းမှာ မတ် ၆ ရက်က ဆိုးရွားတဲ့ မြေပြိုမှုတွေ ဖြစ်ခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံတုံ့ပြန်မှု ဌာနက ကြေညာပါတယ်။ တောင်စောင်း နေရာတခုကနေ ရွှံ့နွံထုထည် အမြောက်အမြား ပြိုကျလာပြီး လူနေအိမ်ခြေတွေကို ဖုံးလွှမ်းနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေကိုလည်း ဌာနက ထုတ်ပြန်ထားပါတယ်။

 ရိုင်ရူ ပြည်နယ်၊ နာတူနာ ဒေသက အခင်းဖြစ်ရာ ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း သွားရောက်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံနေရသလို စက်ယန္တရားတွေကို သယ်ယူဖို့လည်း အခက်တွေ့နေပါတယ်။

 မတ် ၇ ရက် မနက်ပိုင်းထိ အခြေအနေအရ အနည်းဆုံး ၁၆ ဦးသေပြီး ၅၀ ကျော် ပျောက်ဆုံးနေတယ် ဆိုတာကို အတည်ပြု သတင်းရထားတယ်လို့ နာတူနာဒေသ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အက်ဘ်ဒူလ် ရာမန်က AFP သတင်းဌာနကို ပြောပါတယ်။

 ဒါပေမဲ့ အဲဒီနေရာဟာ ဘော်နီယိုကျွန်းနဲ့ မလေးရှား ရေလက်ကြားနားမှာ တည်ရှိနေပြီး အဆက်အသွယ် ခက်ခဲတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးမှုတွေက ဒီထက် ဆိုးနေနိုင်သေးတယ်လို့လည်း ရာမန်က မှတ်ချက် ပေးခဲ့ပါတယ်။

 ပြီးတော့ ပင်လယ်ပြင်မှာ ရာသီဥတု အခြေအနေက ခန့်မှန်းရ ခက်နေပြီး လေတိုက်နှုန်းနဲ့ လှိုင်းထန်မှုတွေက လတ်တလော ပြင်းထန်နေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ အရဲစွန့်ပြီး ဖြတ်သန်းဖို့ ခက်ခဲနေပါတယ်။

 လောလောဆယ်တော့ လူ ၆၀ လောက်ပါတဲ့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့တခုဟာ နာတူနာကျွန်းကနေ စတင် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အမြန်ရေယာဉ်နဲ့ မောင်းသွားတဲ့အခါ အခင်းဖြစ်ရာကျွန်းကို ရောက်ဖို့ ၅ နာရီလောက် ကြာမယ်လို့လည်း သိရပါတယ်။

 ရွာကို ဆက်သွယ်ထားတဲ့ ပင်မ လမ်းမကလည်း မြေပြိုမှုတွေကြောင့် ပျက်စီးပြီး ခရီးလမ်းပန်း သွားလာရေး ခက်ခဲ ပြတ်တောက်မှုတွေ ဖြစ်နေပါတယ်။

 သိပ္ပံပညာရှင်တွေကတော့ အင်ဒိုနီးရှားဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတွေထဲက တခုအဖြစ် သတ်မှတ်ထားပြီး လာမယ့် နှစ်ပိုင်းတွေအတွင်း မိုးလေဝသ အပြောင်းအလဲနဲ့ ဆက်စပ်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ပိုမို ရင်ဆိုင်လာရနိုင်တယ်လို့ သတိပေးထားပါတယ်။