မတ်၊ ၆
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။
“ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။
သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။