ကျိုက်ထိုမှာ ဗုံးပစ်ခံရလို့ ရာဘာခြံက အမျိုးသားနှစ်ဦးသေဆုံး

မတ်၊ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ မတ် ၅ ရက် ၊မနက်ပိုင်းက ရော်ဘာခြံမှာ ရှိနေတဲ့ အမျိုးသားနှစ်ဦးကို ဗုံးနဲ့ပစ်ဖောက်ခွဲခံရတာကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အင်္ဂဘိုကျေးရွာ ၊ရှမ်းစုပိုင်းရှိ ရာဘာခြံတစ်ခုမှာ ခြံပိုင်ရှင် အသက် ၇၄ နှစ် ဦးစိုးသန်းနဲ့ ခြံလုပ်သား စိုးလင်းဦးတို့နှစ်ဦးအလုပ်လုပ်နေစဉ် ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူလေးဦးက လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် သူတို့နှစ်ဦးစလုံးဟာ ပါးစပ်စုတ်ပြဲဒဏ်ရာ၊ တံတောင်ဆစ်အရိုးကြေမွစုတ်ပြဲဒဏ်ရာ၊ လက်ကောက်ဝတ် စုတ်ပြဲဒဏ်ရာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးစုတ်ပြဲဒဏ်ရာတွေနဲ့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ အဲအနားက ခြံသမားတွေ ပြောတာက ဆိုင်ကယ်နဲ့ လူလေးဦးလောက်ဝင်လာတာ၊ ခြံထဲမှာတော့ သူတို့နှစ်ယောက်ပဲ ရှိနေတဲ့အချိန် အလုပ်လုပ်နေကြတာပေါ့၊ အဲဒီမှာ လက်ပစ်ဗုံးနဲ့ ပစ်လိုက်တာ ဗုံးက ပေါက်ကွဲသွားတော့ နှစ်ယောက်လုံးပဲ အဲမှာ သေဆုံးသွားတာ၊ ပွဲချင်းပဲပေါ့၊ အသားစတွေတောင် အဲမှာ တွေ့နေရတာ၊ သွေးအိုင်တွေကအစ၊ ပစ်ပြီးတော့ အဲလူတွေက သူ့ဟာသူ ဆိုင်ကယ်နဲ့ မောင်းသွားတာပဲ၊ သေတာက ခြံပိုင်ရှင်ရယ်၊ သူ့အလုပ်သမားတယောက်ရယ်။” ဟု ၎င်းက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ခြံပိုင်ရှင် ဦးစိုးသန်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုရှိသလို ၎င်းရဲ့ ရော်ဘာခြံအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ခေတ္တတည်းခိုခွင့်ပြုတာနဲ့ တပ်စွဲနေထိုင်ခွင့်ပြုလေ့ရှိတယ်လို့ တခြားဒေသခံတဦးကပြောပါတယ်။

“ သူကတော့ လုပ်ငန်းရှင်ပါ၊ ရော်ဘာခြံတွေလည်း ရှိတယ်၊ ကျွဲကော်ခြံတွေလည်း ရှိတယ်၊ ကျွန်တော်ပြောနိုင်တာတခုက သူခြံတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခဏခဏလာတာရှိတယ်၊ ခဏတပ်စွဲနားတာမျိုး၊ ချက်ပြုစားသောက်တာမျိုးပေါ့၊” ဟု ၎င်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက မည်သည့်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိပေမယ့် ကျိုက်ထိုမြို့နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ သူတို့လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။

“ ကျွန်တော်တို့အဖွဲ့နဲ့ မဆိုင်ပါဘူး၊ ဒီကိစ္စကို ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ၊ ဘယ်သူလုပ်တာလဲတော့ မသိပါဘူး၊ သေချာတာက ကျွန်တော်တို့ လုပ်တာမဟုတ်ပါဘူး။” ဟု ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ် ၊တဂေးချောင်းဖျားကျေးရွာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ကို လက်နက်ကိုင်လဆောင်ထားတဲ့ အမျိုးသားလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကိုတော့ တော်လှန်ရေးအင်းအားစုနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့က နှစ်ဖက်အပြန်အလှန်စွဲနေကြဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလ ၂နှစ်ကျော်မှာ ပီဒီအက်ဖ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကြောင့် လူပေါင်း ၅၄၀၀ ကျော် အသတ်ခံရတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

အလားတူပဲနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPကလည်းစစ်ကောင်စီလက်ချက်နဲ့အရပ်သား ၃၀၀၀ကျော်သေဆုံးတယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။