စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မြေနဲ့အိမ်နဲ့လက်ဝယ်ပိုင်ဆိုင်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်နေ

မတ်၊ ၆

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က မြေနဲ့အိမ်ပိုင်ဆိုင်မှုမိတ္တူ စာရွက်တွေနဲ့ အမှန်တကယ်ဝယ်ယူ၊ပိုင်ဆိုင်ထားသူတွေအပါ် အဓမ္မလိမ်လည်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေက DNAကိုပြောပါတယ်။ 

“ကျွန်တော်တို့အမေက သူ့ယောက်ခမဆီကနေ အမွေပါအပြီးဆိုပြီး အိမ်ကိုဝယ်ခဲ့တယ်၊ ဝယ်ထားတာ လည်း ကြာပြီ၊အခုအိမ်ပြန်ရောင်းမယ်လည်းဆိုရော သူတို့(အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ)ဆီမှာ အိမ်ဂရံမိတ္တူကို ပေါင်ထား တယ်ဆိုပြီးလုပ်တယ်။သိန်း (၃၀)နဲ့မရွေးရင် ခြံခတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်၊တကယ် တမ်းစာရွက်တွေ ကြည့်တော့ အကုန်လုံးက မိတ္တူဆိုင်ကဆွဲထားတဲ့စာရွက်တွေချည်းပဲ”လို့ ခြိမ်းခြောက်ခံရတဲ့ မိသားစုဝင်တဦးက DNAကိူပြောပါတယ်။ 

လှိုင်သာယာမြို့နယ်မှာ အရင်က မြေလွတ်၊မြေရိုင်းနဲ့လူမနေထိုင်တဲ့ နေအိမ်အဟောင်းတချို့ကို ရပ်ကွက်အုပ် ချုပ် ရေးပိုင်းက လိမ်လည်ရောင်းချတာ၊ပလပ် မြေတွေကို ကျူးကျော်ခြံခတ်တာတွေရှိခဲ့သလို လက်ရှိစစ်တပ် အာ ဏာသိမ်းပြီးနောက်မှာတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုသူတွေဟာ အခုလိုစာရွက်စာတမ်းမိတ္တူ၊ စာရွက်စာ တမ်း အတုတွေနဲ့ ပေါ်ပေါ်တင်တင် လိမ်လည်တာအပြင် အဓမ္မခြိမ်းခြောက်ငွေညှစ်တာတွေကိုပါ လုပ်ဆောင်နေ တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ 

“ရပ်ကွက်တွေမှာ သူတို့ကလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး မသိနားမလည်တဲ့ ပြည်သူတွေအပေါ်အဓမ္မခြိမ်းခြောက်တာ၊ ဒီလှိုင်သာယာမှာက အခုအချိန်ကလည်း သူတို့ရဲ့နောက်လိုက် လူမိုက်တွေနဲ့ ရမ်းချင်တိုင်းရမ်းတဲ့အချိန်ဆိုတော့ အဲ့လိုတွေပဲခြိမ်းခြောက်လုပ်စားနေတာ”လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်းနေထိုင်သူတဦးကလည်း ပြောပါတယ်။ 

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်းရပ်ကွက်တခုက နေအိမ်တအိမ်ကို အရင် ပိုင်ရှင်တွေက အုပ်ချုပ်ရေးမှူးဆီမှာ အပေါင်ခံထားကြောင်းနဲ့ ပြန်မရွေးရင် ရောင်းထုတ်တော့မယ်လို့ လက်ရှိ ဂရန်လက်ဝယ်ရှိသူကို ခြိမ်းခြောက်ငွေတောင်းတာကြောင့် ကျပ်သိန်းငါးဆယ်ပေးခဲ့ရတယ်လို့ ဖြစ်စဉ်ကို ကိုယ် တိုင်ကြုံခဲ့ရသူကပြောပါတယ်။

အဲ့ဒီနေအိမ်ကို ကျပ်(၂၅)သိန်းနဲ့ အပေါင်ခံထားတာနှစ်ကာလကြာပြီဖြစ်လို့ ကျပ်သိန်းငါးဆယ်နဲ့ ပြန်ရွေးရမှာ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက အိမ်ဂရန်မိတ္တူစာရွက်တွေနဲ့ ခြိမ်းခြောက်တာလို့ဆိုပါတယ်။

“ပြန်မရွေးဘူးဆိုရင် အိမ်ပွဲစားကတဆင့်ရောင်းခိုင်းမယ်ပေါ့၊သူတို့ကလည်း အုပ်ချုပ်ရေးပိုင်းက၊အခုခေတ်က လည်း အရောင်းအဝယ်ဆိုရင် သူတို့လက်မှတ်မပါရင်မဝယ်ဘူးဆိုတော့ မပေးမဖြစ်ပေးလိုက်ရတာပေါ့”လို့ အိမ် ဂရံမိတ္တူစာရွက်ကို ငွေကျပ်သိန်း ၅၀နဲ့ပြန်လည်ရွေးယူခဲ့ရသူကပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ အခုလိုရပ်ကွက်အုပ်ချုပ်ရေးပိုင်းက နောက်လိုက်လူမိုက်တွေအားကိုးနဲ့ လိမ်လည် ခြိမ်းခြောက်ငွေညှစ်တဲ့ အလားတူဖြစ်ရပ် အများအပြားရှိနေတယ်လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အတွင်းနေ ထိုင်သူတဦးကဆိုပါတယ်။

တရားဝင်လိုင်စင်ရ အိမ်ခြံမြေပွဲစားတဦးကတော့ အခုလို ခြိမ်းခြောက်ငွေညှစ်မှုတွေဟာ လှိုင်သာယာမှာတင်မက နေရာဒေသအစုံမှာရှိနေတာဖြစ်ပြီး အိမ်ခြံမြေ ရောင်းဝယ်သူတွေနဲ့ ပိုင်ဆိုင်သူတွေရဲ့ အသိအမြင်လွဲမှားမှုနဲ့ စိုး ရိမ်ကြောက်လန့်မှုတွေအပေါ် အခွင့်ကောင်းယူနေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

“အရောင်းအဝယ်တွေမှာ ရပ်ကွက်ရုံးမှာစာချုပ်မှ ဘောင်ဝင်တယ်လို့ထင်လာကြတဲ့အခါ ဒါကသူ တို့အတွက် အခွင့် ကောင်း ဖြစ်သွားတာပေါ့၊သူ့လက်မှတ်မပါရင်ပဲ အရောင်းအဝယ်လုပ်မရ သလိုလိုဖြစ်နေတာ၊ သူတို့က လည်း ဒါကို အခွင့်ကောင်းယူပြီး လုပ်စားနေတာ၊ တကယ်ကဘာတခုမှ ဆိုင်မနေဘူး၊သူ့ဆီမှာ လက်မှတ်မ ထိုး လည်း ဘာမှ မဖြစ်ဘူး၊တကယ်ဘောင်ဝင်ချင်ရင် ရှေ့နေငှားပြီး သတင်းစာမှာကြေညာထည့်လိုက်”လို့ သူက ပြောပါတယ်။