
” ကျွန်တော်တို့မိသားစုလို အဖြစ်တွေ ထပ်မဖြစ်အောင် နိုင်ငံတကာက ကူညီကြပါလို့ တောင်းဆိုချင်ပါတယ် ”
– ကိုနိုင်သူအောင် (မိသားစုဝင်လေးယောက်အသတ်ခံခဲ့ရသူ)
ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ
တာတိုင်ရွာမှာ ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်မှာ မိခင်ဖြစ်သူနဲ့ ညီဖြစ်သူအပါအဝင် မိသားစုလေးဦးလုံး အသတ်ခံခဲ့ရတဲ့ ကိုနိုင်သူအောင်ကတော့ သတင်းစာရှင်းလင်းပွဲရဲ့အစမှာ သူရဲ့ခံစားချက်တွေကို ပြန်ပြောပြနိုင်ဖို့အတွက် စကားတွေထွက်မလာတဲ့အထိ ခံစားနေခဲ့ရပါတယ်။
” ကျွန်တော့်လို မိသားစု လေးယောက်လုံး ဆုံးရှုံးခဲ့တဲ့ လူအနေနဲ့ တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘာမှမလုပ်နိုင်တဲ့အခြေအနေမှာ ကျွန်တော်တို့မိသားစုလို အဖြစ်တွေ ထပ်မဖြစ်အောင် နိုင်ငံတကာက ကူညီကြပါ” လို့ ကိုနိုင်သူအောင်က DNA ရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စုထဲက တာတိုင်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဒေသခံ ၁၇ဦးထက်မနည်းကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားပြီး နောက်တရက်မှာ အားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အလောင်းတွေကို ရွာအနီးမှာ ပြန်တွေ့ခဲ့ကြရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီကနေ့ မတ်လ ၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ရာမှာ တာတိုင်ရွာက အသတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေပါ ပါဝင်တက်ရောက်ခဲ့ပါတယ်။
”အလောင်းတွေမှာ တွေ့ရတဲ့ ဒဏ်ရာတွေအရ လူတွေကို ရှေ့ကပြေးခိုင်းပြီး အနောက်က ပစ်တဲ့ပုံစံမျိုး။ အမျိုးသမီးတွေ အလောင်းတွေကတော့ အင်္ကျီအဝတ်အစားတွေ မြင်မကောင်းအောင်ဖြစ်နေလို့ ဖုံးဖိပြီး သယ်ပေးခဲ့ရတယ်”
အရပ်သား ၁၇ဦးလောက်ကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာထဲမှာ ဒေသခံတွေရဲ့အလောင်းတွေကို မြေပြင်မှာ ကောက်ယူသင်္ဂြိုလ်ပေးခဲ့တဲ့ ဒေသခံတဦးက ပြန်ပြောပြခဲ့တာပါ။
တာတိုင်ရွာကို PDF အယောင်ဆောင်ပြီးစစ်တပ်ကဝင်လာခဲ့တယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ညောင်ရေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ (၉၉)ဟာ မြင်းမူမြို့နယ်၊ ကံသာအေးကျေးရွာက တဆင့် စစ်ကိုင်းမြို့၊ ရွှေလီကျေးရွာအုပ်စုထဲက တာတိုင်ကျေးရွာကို ဝင်ရောက်ခဲ့ကြပါတယ်။
ရွာထဲကို ဝင်ရောက်လာချိန်မှာ စစ်ကောင်စီတပ်တွေဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြစ်ကြောင်း ပြောဆို ဝင်ရောက်လာတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
” ရွာထဲကို ဝင်ရောက်လာတော့ PDF တွေလို့ ပြောတယ်။ တချို့လူတွေကတော့ PDF ထင်တယ်။ တချို့ကတော့ ဘာမှန်းမသိတော့ ပြေးကြတယ်။ မပြေးတဲ့ရွာသား အယောက် ၇၀ ကတော့ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိသွားတယ်” လို့ တာတိုင်ရွာသားတဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်တရက် မတ်လ ၂ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ရွာသားတွေထဲက ဒေသခံ ၁၅ဦးကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီနေ့မှာပဲ ရွာထဲမှာ ဖမ်းဆီးရမိထားတဲ့ ကျေးရွာ ပကဖခေါင်းဆောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကာ ရွာအနီးမှာ အလောင်းကို ထားခဲ့ပါတယ်။
စစ်တပ် ရွာက ထွက်သွားချိန် ရွာထဲကို ပြန်ဝင်ချိန်မှာတော့ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ ဒေသခံအယောက် ၇၀ ကို တွေ့ခဲ့ရသလို ရွာသုဿန်အနီးမှာလည်း ကျေးရွာပကဖခေါင်းဆောင် ကိုမိုက်ကယ် (ခေါ်) ကိုကျော်ဇောရဲ့အလောင်းကို တစစီ တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
” ဘုန်းကြီးကျောင်းထဲမှာက ဒေသခံတွေက ဘုန်းကြီးကျောင်းတံခါးလည်း ဖွင့်လိုက်ရော တော်တော်ကြောက်လန့်ပြီး စိတ်ဝေဒနာခံစားနေရတဲ့ပုံစံတွေ ဖြစ်နေတယ်။ ကလေးငယ်တွေရော အကုန် တုန်တုန်ရီရီနဲ့ ဘုန်းကြီးကျောင်းထဲ လှောင်ထားခဲ့တာ။ ရွာသားတွေက သုဿန်နားက ပကဖခေါင်းဆောင်ရဲ့အလောင်းကိုမြင်တော့ ပိုခြောက်ခြားပြီး ထွက်ပြေးကြတယ်” လို့ ကျေးရွာနယ်မြေရှင်းလင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ဒေသခံကိုမြင့်က အဲဒီနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
နာရီနဲ့ချီအောင်ခက်ခက်ခဲခဲပြန်သယ်ခဲ့ရတဲ့အလောင်းတွေ
အဲဒီနေ့မှာပဲ မြင်းမူမြို့နယ်၊ ညောင်ရမ်းရွာအနီးမှာ ဒေသခံ ၅ဦးရဲ့အလောင်းတွေကို ထပ်တွေ့ခဲ့သလို နောက်တနေ့မှာတော့ ဒေသခံ ၉ဦးရဲ့အလောင်းကို ထပ်တွေ့ပြီး ရွာထဲကို ရေကြောင်းကုန်းကြောင်းကနေ ခက်ခက်ခဲခဲ ပြန်သယ်ယူခဲ့ကြရတယ်လို့ အလောင်းတွေကို သယ်ပေးခဲ့တဲ့ အနီးအနားက ကျေးရွာက ကိုမိုးတိမ်က ပြောပါတယ်။
ဒီဒေသခံရုပ်အလောင်းတွေရဲ့ ပုံရိပ်တွေဟာ အင်တာနက်စာမျက်နှာတွေကတဆင့် အနီးအနားက ရွာတွေကိုပါ ပျံနှံ့ကုန်တာကြောင့် လက်ရှိမှာ တာတိုင်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေဟာလည်း စိတ်မလုံခြုံမှုတွေနဲ့ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
”ကျွန်တော်တို့တသက်မှာ အလောင်းတွေ အဲလောက်အများကြီးနဲ့ အနိဌာရုံဆိုတာ တခါမှမြင်ဖူးခဲ့တာ မဟုတ်ဘူး။ အဲဒီနေ့က ရက်ရက်စက်စက် အသတ်ခံရတဲ့ ရွာသားအလောင်းတွေကို လှည်းနဲ့ သယ်တော့လည်း ခက်ခက်ခဲခဲသယ်ပြီး ဌက်ပျောတုံးတွေနဲ့ ဖောင်လုပ်ပြီး မူးမြစ်ကနေ ရွာဘက်ကို ပြန်မျှောရတယ်” လို့ ကိုမိုးတိမ်က ပြောပါတယ်။
အလောင်းတွေဟာ တယောက်နဲ့တယောက် မီတာ ၅၀ အကွာမှာ ရှိနေပြီး ရရှိတဲ့ ဒဏ်ရာတွေဟာလည်း သေနတ်ဒဏ်ရာတွေအပြင် ရိုက်နှက်ခံထားရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
”အလောင်းတွေကို ကြည့်ရတဲ့ပုံအရ ရှေ့ကနေ ပြေးခိုင်းပြီး အနောက်က စက်ကလေးနဲ့ ပစ်တဲ့ပုံစံမျိုး။ အမျိုးသမီးတွေဆိုလည်း အဝတ်အစားတွေကအစ ဖရိုဖရဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံထားရတယ်” လို့ အလောင်းတွေသယ်ခဲ့တဲ့ ကိုမိုးတိမ်က ပြောပြခဲ့ပါတယ်။
စစ်တပ်က War Crime ကို ကျူးလွန်ခဲ့တယ်
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အခုတာတိုင်ကျေးရွာလို ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပေါင်း ၃၀ နီးပါးအထိ ရှိတယ်လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တာတိုင်ကျေးရွာဖြစ်ရပ်ဟာ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုအပြင်းထန်ဆုံး အဖြစ်ပျက်ပေါင်းများစွာထဲက တခုဖြစ်တယ်။ ဒီကာလမှာ စစ်ပွဲဖြစ်နေတဲ့ ကာလဖြစ်သည့်တိုင်အောင် အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်တယ်။ အခုလည်းဖမ်းဆီးခံရသူတွေဟာ အရပ်သားတွေမှန်း သိသိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်” လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီတာတိုင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး အချက်အလက်တွေ၊ သက်သေအထောက်အထားတွေစုဆောင်းနေသလို ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာလူ့အခွင့်အရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့ပြီး တရားစွဲဆိုနိုင်အောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
”အခုချိန်မှာဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ လူ့အခွင့်ရေးကောင်စီ ဂျနီဗာမြို့မှာ ကျင်းပနေပါတယ်။ နိုင်ငံတွေအားလုံးက စုဝေးပြီး လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးနေတဲ့အချိန်မှာ မြန်မာပြည်မှာအခုလို ပြည်သူတွေ အသတ်ခံနေရတဲ့ကိစ္စကို မမေ့လျော့ဖို့ ဒီကိစ္စကို ဆွေးနွေးရုံမကဘဲ အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ဆက်ပြီးကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူမှုတွေ ရှိနေပေမယ့် မလုံလောက်သေးပါဘူး။ တကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့မှု၊ လက်နက်ရောင်းချတာပိတ်ဆို့မှု၊ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တရက်ကြာလေလေ ပြည်သူလူထုက နာလေလေပဲ” လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။
တာတိုင်ရွာဖြစ်စဉ်အပါအဝင် စစ်တပ်ရဲ့ကျူးလွန်မှုအတွက် NUG ဘာလုပ်နေလဲ
စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့အတွက် သာမာန်ရာဇဝတ်မှု ၊ နိုင်ငံတကာရာဇဝတ်မှုလို့ ခွဲခြားထားပြီး အရေးယူမှုတွေအတွက် နည်းလမ်းနှစ်ခုကိုအသုံးပြုတယ်လို့ လည်း NUG က ဆက်ပြောပါတယ်။
ပထမတခုအနေနဲ့ လက်ရှိရှိပြီးသားလူ့အခွင့်အရေးဆိုင်ရာ ယန္တရားကို အသုံးပြုတာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုဖြစ်တဲ့အတွက် ကုလလူ့အခွင့်ရေးဆိုင်ရာက အဓိကဦးစားပေးလှုံဆော်တဲ့အပိုင်းဖြစ်ပြီး ကုလလုံခြုံရေးကောင်စီမှာ ပိုမိုပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေ ထွက်လာအောင်၊ အဲဒီဆုံးဖြတ်ချက်တွေက ဂျနီဗာမြို့မှာရှိတဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ မရပ်တန့်ဘဲ အထွေထွေညီလာခံအထိ နိုင်ငံရေးသဘောဆန်တဲ့ အမြင့်ဆုံးဖြတ်ချက်မျိုးထွက်လာအောင် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
နောက်ထပ်တခုအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC မှာတင်နိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး ICC က စုံစမ်းမှုတွေဖြစ်လာရင် အမှုတွေကို တရားရုံးမှာ ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
နောက်ဆုံးတခုအနေနဲ့ Universal Jurisdiction လို့ခေါ်တဲ့ နိုင်ငံအလိုက်တရားစွဲဆိုနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆိုးရွားတဲ့ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကို အမှုတွဲအဖြစ်ပြင်ဆင်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက်တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို ပြောပြသွားပါတယ်။
လက်ရှိအချိန်မှာတော့ ဖြစ်ရပ်ဆိုးတွေဖြစ်ခဲ့တဲ့ တာတိုင်ကျေးရွာက ဒေသခံတွေဟာ နေရပ်ကို မပြန်ရဲတော့တာကြောင့် ရွာဟာလည်း ရွာပျက်ကြီးလိုဖြစ်တော့မှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တဲ့ရွာသားတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုသွားပါတယ်။
ဓာတ်ပုံ – CJ
