ပင်လောင်းက စစ်ရှောင်တချို့ ရိက္ခာ ရက်ပိုင်းသာကျန်ပြီးအခက်အခဲဖြစ်နေ

မတ်၊ ၅

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ စစ်ရှောင်စခန်းတချို့မှာ ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ 

“ ဆန်ဆီဆားဆိုရင်လည်း ရောက်ခဲ့တဲ့ စခန်းတွေမှာ အရေးပေါ်လောက်ပဲ ရှိတယ်။ ၂ရက်စာ၊ ၃ရက်စာ ပဲ ရှိတယ်။ တချိုရွာတွေက ရေရှားတယ်။ လိုအပ်နေတာက များတယ်။စောင်ခေါင်းအုံးတွေ လိုသေးတယ်။ စောင်က ဘုန်းကြီးကျောင်းက ယူထားရတယ်။ စောင်တွေ မရှိတော့ တထည်လောက်ပဲ ခြုံရတယ်။ အရမ်းအေးတယ်လို့ သူတို့က စခန်းတွေကနေ ထွက်ပြောကြတယ်။လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ပင်လောင်းဒေသခံ တဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ ၂၄ ရက် စတင်ဖြစ်ပွားခဲ့တဲ့ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲတွေဟာ လုံးပျဉ်၊ တောင်မဲသင်း၊ နန်းနိန်း၊ တောင်စလုံးနဲ့ မြောက်စလုံးရွာတွေမှာ စဖြစ်ခဲ့ပြီး အခုရက်သတ္တပတ်ကျော်လာချိန်မှာတော့ဆောင်းပြောင်းနဲ့ လွယ်ဝန်ရွာတွေမှာပါ တိုက်ပွဲပြင်းထန်လာခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ရှောင်နေရပါတယ်။ 

အဲဒီစစ်ဘေးရှောင်တွေဟာ နန်းထား၊ပင်ခွဉ်၊ ထီဗီ့၊ ကောင်လွို့၊ ဝါးလီး စတဲ့ ရွာတွေအပြင် ပင်လောင်မြို့ပေါ်နဲ့ အနီးဝန်းကျင်းက ရွာတွေမှာ စစ်ရှောင်နေကြရပြီး အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးတွေအပြင် တကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ 

“စစ်ရှောင်တွေက အပြောင်းအရွေ့တွေကအရမ်းများတယ်။ ခန့်မှန်းခြေ ၅၀၀၀ ကျော်ပဲ ပြောလို့ရတယ်။ ကျွန်တော်တို့  ဒီနေ့ သွားတဲ့ အလှူရှင်အရမ်းနည်းတဲ့ ဒေသတွေက စစ်ရှောင်တွေဟာ တကိုယ်ရည်သုံးပစ္စည်းတွေ အမျိုးသမီးဆိုရင် ပိုခက်ခဲတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေက တချို့ ကျေးရွာတွေမှာ ဝယ်လို့ မရဘူး။ မရှိတဲ့အတွက်ပေါ့နော်။ သူတို့အတွက် အရေးပေါ် လိုနေတာပေါ့နော်” ပင်လောင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

ပင်လောင်းမှာ တပတ်ကျော်လာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ PNO/PNA ပူးပေါင်းတပ်ဘက်က အထိနာတဲ့အတွက် လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ 

KNDF၊ KA စတဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO/PNA တပ်တွေကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့သလို KNDF ပူးပေါင်းတပ်က ၂ ဦး ကျဆုံးတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ပြောဆိုထားပါတယ်။