မတ်၊ ၅
စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးပြည်သူရဲတပ်ဖွဲ့က ၆ လတာကာလအတွင်း အမှုပေါင်း ၁၂၀ ကျော်လောက်ကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သလို အဲဒီအမှုတွေထဲမှာ မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံ တဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာ ကလေးမြို့ပြည်သူ ရဲတပ်ဖွဲ့က မြို့ပေါ်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဟု ခွဲခြားပြီး အမှုတွေကို တရားစွဲတာတွေလုပ်နေသလို ဖမ်းဆီးရမိသူတွေကို ထိန်းသိမ်းဖို့ အချူပ်ခန်း ၂ ခန်း ၊အကျဉ်းထောင် ၂ ခုကို စီစဉ်လုပ်ဆောင်ထားတယ်လို့ သူကဆိုပါတယ်။
” ကျနော်တို့ ဆီကိုလာရောက်တိုင်တန်းတဲ့အတွက်အမှုဖွင့်အရေးယူထားတာက အမှုပေါင်း ၁၂၀ ကျော်လောက်ရှိတယ်။ အမှုအားလုံးရဲ့ သုံးပုံ နှစ်ပုံက မူးယစ်ဆေးဝါးတွေပါ။ စစ်ကောင်စီက မြို့ပေါ်မှာ လက်နက်တစ်ခုအနေနဲ့ ထုတ်သုံးနေတဲ့အတွက် အရမ်းပေါနေတယ်။ အရင်က ဆပ်ပြာခွက်တစ်ခုဆိုရင် ၆ သိန်းလောက်ရှိတာပေါ့။ အခုဆိုရင် တစ်သိန်းရှစ်သောင်းလောက်နဲ့တောင်ရနေတယ်။ စစ်ကောင်စီစခန်းတွေနားမှာ အရောင်းအဝယ်တွေလုပ်နေကြတာပါ ” လို့ သူကပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အုပ်ချူပ်ရေးအဖွဲ့အစည်းတွေကို အပ်နှံရသလို တရားခံတွေကိုတော့ မူးယစ်ဆေးဝါးဥပဒေကဲ့သို့ လက်ရှိတည်ဆဲဥပဒေအရ တရားစွဲဆိုတာတွေလုပ်နေတာလို့ သူကဆိုပါတယ်။
” ကျနော်တို့က ပုံမှန်ယန္တယားတစ်ခုကိုလည်ပတ်နေတာပေါ့ ။အကျဉ်းထောင်၊ရဲစခန်း၊တရားရုံးတွေလည်းရှိပါတယ်။ ကျနော်တို့ထိန်ချူပ်နယ်မြေထဲမှာ အစိုးရလုပ်ငန်းတွေကို ပုံမှန်အတိုင်းဆောင်ရွက်နေတာပါ။ CRPH ကထုတ်ပြန်ထားတာရှိတယ် ။၂၀၀၈ ဖွဲ့စည်းပုံပျက်ပေမယ့် တည်ဆဲဥပဒေကဆက်အသက်ဝင်တယ်ဆိုတော့ ကျနော်တို့က မူရင်းဥပဒေအရပဲအရေးယူထားတယ်” လို့ သူကဆိုပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးအမှုပေါင်း ၇၀ နီးပါးကို တရားစွဲဆိုထားနိင်သလို အဲဒီအမှုတွေအတွက် တရားခံပေါင်း ၁၀၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်လို့ သူကဆိုပါတယ်။
” တရားခံမှာက အချူပ်သား(အမိန့်မချရသေးသူ) နဲ့ အကျဉ်းသား(အမိန့်ချပြီးသူ) ဆိုပြီးနှစ်မျိုးရှိနေတာကို ကျနော်တို့က သက်သက်ဆီသူတို့ကိုခွဲထားပါတယ်။ အရင်တုန်းကတော့ အခက်အခဲတွေရှိပေမယ့်အခုတော့ ပုံမှန်အလုပ်တွေလည်ပတ်နေပါတယ် ” လို့သူကပြောပါတယ်။
ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက စတင်ဖွဲ့စည်းခဲ့ပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ကို စက်တင်ဘာလမှာ ရရှိခဲ့တာလို့ သိရပါတယ်။