ဧရာဝတီတိုင်းမှာ ကွမ်းဈေးပြန်တက်လာပေမယ့် ကွမ်းစိုက်တောင်သူတွေအရှုံးပေါ်

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး ကွမ်းဈေးတွေပြန်တက်လာပေမယ့် ကွမ်းစိုက်တောင်သူတွေဟာ အလုပ်သမားခတွေနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးနှုန်းမြင့်နေတာကြောင့် အရှုံးပေါ်နေဆဲဖြစ်တယ်လို့  ဆိုကြပါတယ်။

ကွမ်းရွက်ဈေးနှုန်းတွေဟာဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာ ကွမ်းရွက်အမျိုးအစားအလိုက် တပိဿာကို ငွေကျပ် ၂၀၀၀ ကနေ ၄၀၀၀ အထိဈေးရှိခဲ့ပေမယ့် အခုနှစ် ဇန်နဝါရီလကစပြီး ငွေကျပ် ၈၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင်အထိ ပြန်လည်ဈေးမြင့်ခဲ့တယ်လို့ ညောင်တုန်းမြို့နယ်က ကွမ်းစိုက်တောင်သူတဦးကပြောပါတယ်။

” မနှစ်ကကွမ်းဈေးအရမ်းကျသွားတယ်။ ကွမ်းရွက်ကအမျိုးမျိုးရှိတယ်။ ကိုဗစ်စဖြစ်တဲ့ အချိန်ကစလို့ ကွမ်းဈေးတွေကျလာတာ၊ အာဏာသိမ်းပြီးတဲ့အချိန်ရောက်တော့ မနှစ်ကဆို ကွမ်းဈေးထပ်ကတယ်။ အခုနှစ်ကပြီး တဖြေးဖြေးချင်းဈေးပြန်တက်လာတာလို့ ပြောလို့ရတယ်” လို့ ကွမ်းစိုက်တောင်သူတဦးကဆိုပါတယ်။

ဒါ့အပြင်  ယာကွမ်း ၊ယာဆိုက်ပြည့်ကွမ်း၊ဆိုက်လတ် ကွမ်းနဲ့ပယ်ကြီးကွမ်း စတဲ့ကွမ်းရွက်အမျိုးအစားအလိုက် အရည်အသွေးပေါ်မူတည်ကာစျေးနှုန်းအမျိုးမျိုးကွဲပြားလေ့ရှိတယ်လို့လည်း ကွမ်းစိုက်တောင်သူတွေကဆိုပါတယ်။

အဲဒီလို ဈေးနှုန်းပြန်မြင့်လာပေမယ့် စိုက်ပျိုးသွင်းအားစုဈေးတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ရွက်ဖြန်းအားဆေးတွေဟာ ဈေးနူန်းမြင့်လာသလို ကွမ်းရွက်ခူးတဲ့အလုပ်သမားတွေကို ငွေပေးချေရတာတွေလည်း ဈေးမြင့်လာတာကြောင့် အရှုံးပေါ်နေကြတယ်လို့ ကွမ်းစိုက်တောင်သူတွေကဆိုပါတယ်။

” ကွမ်းစျေးကပြန်တက်သွားတယ်။ရောင်းရငွေနဲ့ ဆေးဖိုးတွေအလုပ်သမားခတွေရှင်းပြီးသွားရင်လက်ထဲမှာ ဘာမှသိပ်မကျန်တော့ဘူး။ကွမ်းအပင်အရေအတွက်များများစိုက်တဲ့သူကသိပ်မထိပေမဲ့နည်းတဲ့သူကျတော့သိသာတယ်။ တလကို အနည်းဆုံး လေးသိန်းကနေဆယ်သိန်းလောက်အထိ အရှုံးပေါ်နေရတယ်” လို့ညောင်တုန်းမြို့စက္ကော့ကျေးရွာကကွမ်းစိုက်တောင်သူတဦးကပြောပါတယ်။

ကွမ်းစိုက်ပျိုးရာမှာစိုက်ပျိုးသွင်းအားစုအနေနဲ့ ရွက်ဖြန်းအားဆေး တဘူးကို အရင်က ၄၀၀၀ ကျပ်ရှိရာမှအခု ၁၂၀၀၀ ကျပ်အထိစျေးမြင့်တက်လာသလို  ကွမ်းရွက်ခူးရာမှာလည်းကွမ်းအညွှန့်အမျိုးအစားအလိုက် အပင်တရာကို​ ၈၀၀၀ ကျပ်ကနေ၁၀၀၀၀ကျပ်အထိရှိနေတယ်လို့ ကွမ်းဒိုင်တွေကဆိုပါတယ်။

ကွမ်းရွက်ခူးအချိန်အနေနဲ့စတင်စိုက်ပျိုးချိန်သုံးလပြည့်မှစကာ လစဥ်အလိုက် တလကိုသုံးကြိမ်ခူးဆွတ်နိုင်တယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းမှာညောင်တုန်း၊ပန်းတနော်၊ဟင်္သာတ၊ ကျောင်းကုန်း၊ ပုသိမ်၊မြောင်းမြ၊ရေကြည်နဲ့အသုတ်စတဲ့မြို့နယ်တွေကစီးပွားအဖြစ်ကွမ်းအများဆုံးစိုက်ပျိုးရာဒေသတွေဖြစ်ပြီး ကျန်မြို့နယ်တွေကတော့တပိုင်တနိုင်စိုက်ပျိုးကြတာဖြစ်ပါတယ်။

ပုံစာ-ပန်းတနော်မြို့နယ်ကကွမ်းခြံတခုကိုတွေ့ရစဥ်။

ဓာတ်ပုံ- CJ