ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဦးကျော်သူရဲ့ ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့နာရေးမြင်ကွင်း

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဦးကျော်သူရဲ့ ဖခင်ဖြစ်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့  နာယက

တဦးဖြစ်တဲ့ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့ နာရေးကို ဒီကနေ မတ်လ ၅ ရက်နေ့က ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။

ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က  ရန်ကုန်မြို့ကနေအိမ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

”အသင်းကလူတွေနာရေးလိုက်ပို့ကြပါတယ်။ အားလုံးကတော့ ဦးမောင်(ဦးကျော်သူ)ကို ရှိနေစေချင်ကြတယ်” လို့ နာရေးကိုလိုက်ပါပို့ဆောင်ပေးတဲ့ ပရဟိသမားတဦးကပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးစီးတည်ထောင်သူ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ ဒေါ်ရွှေဇီးကွက်တို့ကိုတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး  အသင်းရုံးကိုလည်း ဝင်ရောက်ရှာဖွေတာတွေ နေအိမ်ချိပ်ပိတ်တာတွေကိုလုပ်ဆောင်ခဲ့တာကြောင့် တိမ်းရှောင်နေကြရပါတယ်။