ဘုတလင်မှာ စစ်အုပ်စုတိုက်ခိုက်ခံရတဲ့ နေရာ အနီးကဈေးမီးရှို့ခံရလို့ ဆိုင်ခန်း သုံးဆယ် နီးပါး ပျက်စီး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပကဖတွေကတိုက်ခိုက်ခဲ့လို့ အထိနာခဲ့တဲ့နေရာအနီးရှိ မြို့မဈေးကို စစ်ကောင်စီအဖွဲ့တွေကမီးရှို့ဖျက်ဆီးခဲ့လို့ ဆိုင်ခန်းပေါင်း (၃၀) နီး ပါး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘုတလင်မြို့လယ်မှာရှိတဲ့ မြို့မစျေးကစျေးဆိုင်ခန်းတွေနဲ့ ကားဂိတ်ဆိုင်ခန်းတွေကို စစ်အုပ်စုက မနေ့က မနက် ၁၁ နာရီလောက်မှာ ရောက်ရှိလာပြီး မိုင်းရှင်းလင်းရေးအကြောင်းပြကာ စျေးသည်တွေက စျေးရုံထဲကနေထွက်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။

“ဘာမှယူချိန်ကိုသိပ်မရလိုက်ပါဘူး၊ဈေးသယ်တွေကို မိုင်းရှာမယ်ဆိုပြီး အပြင်ထွက်ခိုင်းတာပြီးတော့ မီးရှို့လိုက်တယ် ဈေးဆိုင်ခန်းနဲ့ ကာဂိတ်ကဆိုင်ခန်းတွေ ပါသွားတယ်၊ မနက်ပိုင်းသူတို့ ပစ်ခတ်ခံရလို့ လုပ်တယ်လို့တော့ ပြောကြတာပေါ့ ” လို့ဘဒေသခံ တဦးကဆိုပါတယ်။

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သူတွေအတွက်ဆိုပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကအထိုင်ချတဲ့ဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို မနေ့က မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်လို့ တပ်စိတ်မှူးအပါအဝင်သုံးဦးလုံးသေဆုံးခဲ့တာပါ။

အဲဒီတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ဈေးကို စစ်အုပ်စုက အငြိုးနဲ့မီးရှို့ခဲ့တာလို့ ဒေသခံတွေက ယူဆကြပါတယ်။

ဈေးကို စစ်အုပ်စုကမီးရှို့နေချိန် မြို့ပေါ်ကမီးသတ်အဖွဲ့တွေကို မီးငြှိမ်းသတ်ခွင့်မပေးခဲ့ဘူးလို့လည်း ဒေသခံတွေကဆိုကြပါတယ်။

မနေ့က စစ်ကောင်စီတပ်စိတ်မှူးအပါအဝင် သုံးဦးသေဆုံးတဲ့ တိုက်ခိုက်မှုကိုLocal Mobile Team နဲ့ ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ )တပ်ရင်း၁၂ ရွှေဘိုခရိုင် -တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေဆီက ရိုင်ဖယ် သေနတ်နှစ်လက်၊ (၄၀မမ)ဗုံးသီး(၁၅)လုံး၊ကျည်ဘောက်​လေးခု၊လက်ပစ်ဗုံးနှစ်လုံးနဲ့ကျည် တရာကျော်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Photo – CJ