ယူကရိန်းက စကျူးကျော်တာပါလို့ ပြောမိလို့ အလှောင်ခံလိုက်ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး

ယူကရိန်းက ရုရှားကို စတင် တိုက်ခိုက်ခဲ့တာလို့ ပြောမိတာကြောင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်တယောက် လူပုံအလယ်မှာ ရယ်မောလှောင်ပြောင် ခံခဲ့ရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တယောက်လို့လည်း လူသိများတဲ့ လက်ဗ်ရော့ဗ်ဟာ မတ် ၂ ရက်က အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ G20 ညီလာခံကို တက်ရောက်ခဲ့ရင်း Raisina Dialogue 2023 စီးရီး ဆွေးနွေးပွဲတွေမှာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ နားထောင်နေတဲ့ ပရိသတ် တယောက်က စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားရဲ့ မဟာဗျူဟာနဲ့ စွမ်းအင် ကဏ္ဍနဲ့ အိန္ဒိယတို့ ဆက်နွှယ်မှုအကြား ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲလို့ မေးမြန်းခဲ့ပါတယ်။

လက်ဗ်ရော့ဗ်က အားလုံး သိပြီးဖြစ်တဲ့အတိုင်း သူတို့ကို စတင်တိုက်ခိုက်တာ ခံခဲ့ရပြီး ရုရှားက ရပ်တန့်ချင်နေတဲ့ စစ်ပွဲဟာလို့ အစချီတဲ့ အချိန်မှာတင် လူအုပ်ကြီးက ဝိုင်းရယ်ကြတာ ဖြစ်ပါတယ်။ လက်ဗ်ရော့ဗ်က သူ့စကားကို ဆက်ဖို့ ကြိုးစားပေမယ့် လူတွေက ဝိုင်းရယ်နေကြတော့ ဆက်မပြောရဲတော့ဘဲ ရပ်လိုက်ရပါတယ်။ လူအုပ်ထဲက တယောက်ကတော့ စိန်ခေါ်တဲ့ သဘောမျိုး ဆက်ပြောဖို့ အော်ဟစ်ခဲ့ပါသေးတယ်။

လက်ဗ်ရော့ဗ်က နောက်ပိုင်းမှာ စကား အသွားအလာကို ပြောင်းပြီး စစ်ပွဲဟာ ရုရှားရဲ့ စွမ်းအင် မူဝါဒတွေအပေါ် လွှမ်းမိုးမှု ရှိခဲ့ကြောင်းနဲ့ ရုရှားဟာ ဒီရုန်းကန်ရမှုတွေအတွက် ဘယ်လက်တွဲဖော်ကိုမှ မှီခိုပြီး ဒုက္ခပေးမှာ မဟုတ်ကြောင်း ဆက်ပြောသွားပါတယ်။

လက်ဗ်ရော့ဗ်ဟာ အရှိတရားနဲ့ ဆန့်ကျင်ပြီး စစ်ပွဲရဲ့ သဘောသဘာဝကို ပုံဖော်ခဲ့မှန်း ဧည့်ပရိသတ် အားလုံးက သိထားပြီး ဖြစ်တာကြောင့် အခုလို လှောင်ပြောင်ရယ်မော ခံခဲ့ရတာပါ။ ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တုန်းက အိမ်နီးချင်း ယူကရိန်း နိုင်ငံ နယ်နိမိတ်ကို ကျော်ဖြတ်ပြီး ကျူးကျော်စစ်ပွဲကြီးကို အစပြုခဲ့ပါတယ်။  

Ref: Insider