စွန့်ခွာခဲ့ဖူးတဲ့ ယူကရိန်းမြို့ကို ရုရှား ပြန်သိမ်းယူဖို့ ကြိုးစားလာတာကြောင့် မြို့ခံတွေ အရေးပေါ် ရွှေ့ပြောင်း

တချိန်က စွန့်ခွာသွားတဲ့ မြို့တမြို့ကို ရုရှားတပ်တွေက တကျော့ပြန် သိမ်းပိုက်ဖို့ အားထုတ်လာတဲ့နောက် မြို့ခံပြည်သူတွေကို စတင် ရွှေ့ပြောင်းပေးနေရကြောင်း ယူကရိန်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

ခါကစ်ဗ် ပြည်နယ်မှာရှိတဲ့ ကူပီယန်ဆက်ခ်မြို့ဟာ ကျူးကျော်စစ်ပွဲ ကာလမှာ ရုရှားလက်အောက်ကို ကျရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မနှစ်ကတော့ ရုရှားတပ်တွေဟာ မြို့ကို စွန့်ခွာသွားခဲ့တာကြောင့် ယူကရိန်း စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုတဖန် ရုရှားတပ်တွေဟာ ကူပီယန်ဆက်စ်ခ်ကို စဉ်ဆက်မပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မြို့စောင့်တပ်ရဲ့ ခံစစ်ကြောင်းကို ချေဖျက်ဖို့ ကြိုးစားလာနေပါတယ်။ ရုရှားတပ်တွေ ထပ်မံကျူးကျော်လာမယ့် အရိပ်အယောင်တွေ တွေ့လာရတဲ့နောက် ခါကစ်ဗ်ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ယူကရိန်း အာဏာပိုင်တွေက မိသားစုတွေနဲ့ ကလေးတွေကို မြို့ထဲကနေ ရွှေ့ပြောင်း ခေါ်ထုတ်သွားဖို့ စတင် စီစဉ်ခဲ့ပါတယ်။

အခြေအနေတွေ ပိုဆိုးလာတဲ့အခါ ပြေးရလွှားရ ခက်ခဲနိုင်တဲ့ သူတွေကို အဓိက ဦးစားပေးပြီး ရွှေ့ပြောင်းပေးနေတာလို့ ယူကရိန်းက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရုရှားဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ပိုပြီး ပြင်းပြင်းပြပြ ထက်ထက်သန်သန် ထိုးစစ်ဆင်မှုတွေ ရှိလာပြီး ဒွန်းညက်စ်ခ် ဒေသက မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မတ်မြို့ကိုလည်း စတင် ဝိုင်းပတ် ပိတ်ဆို့နေပါတယ်။ ဘက်ခ်မတ်ဟာ ဆောင်းရာသီ တလျှောက်လုံး ရုရှားထိုးစစ်ကို ကြံ့ကြံ့ခံခဲ့ပေမယ့်လည်း အခုအခါမှာတော့ ယူကရိန်း ကာကွယ်ရေးတပ်တွေက မြို့ကို စွန့်ခွာဖို့ စတင် စဉ်းစားနေပြီ ဖြစ်ပါတယ်။

ကူပီယန်ဆက်ခ်နဲ့ ဘက်ခ်မတ်တို့ဟာ ကီလိုမီတာ ၁၃၀ လောက် ကွာဝေးပါတယ်။ လတ်တလောမှာတော့ ယူကရိန်း စစ်တပ်ဟာ ကူပီယန်ဆက်ခ်က ကလေးငယ် ၈၀၀ ကျော်နဲ့ မသန်စွမ်းသူ ၇၀၀ ကျော်ကို ဦးစားပေး ရွှေ့ပြောင်းပေးဖို့ အရေးတကြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 Ref: CNN