နေပြည်တော်မှာ နှစ်တန်းကျောင်းသူဆီက ရွှေထည်ပစ္စည်းတွေဖြုတ်ယူခံရမှုဖြစ်


မတ်၊ ၃

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာအသက် ၁၁ နှစ်အရွယ်ကလေးငယ်တဦးကိုအမျိုးသမီးတဦးကစျေးထဲကနေခေါ်သွားပြီး ဝတ်ဆင်ထားတဲ့ရွှေထည်တွေခိုးယူသွားမှု မနေ့ကဖြစ်ခဲ့တယ်လို့မိသားစုဝင်တွေဆီကသိရပါတယ်။

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာမှာနေထိုင်တဲ့ကိုနိုင်လင်း၊ မသီတာတို့ရဲ့သမီး အသက် ၁၁ နှစ်အရွယ် မဖြိုးဖြိုးအောင်ဟာ မနေ့က မနက်ပိုင်းမှာ ရွာထဲ ဈေးဝယ်သွားရင်း အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

 မျက်မြင်တစ်ဦးရဲ့ ပြောပြချက်အရ ကလေးငယ် နဲ့ အမျိုးသမီးတစ်ဦး လက်ပုတ်စကားပြောနေတာ နောက်ဆုံးတွေ့လိုက်ရတယ်လို့ သိရတာကြောင့်လိုက်ရှာရာက အဲဲ့ဒီ့နေ့လယ်ခင်းမှာပဲပြန်တွေ့တယ်လို့မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။

“အမျိုးသမီးတယောက်ဆိုင်ကယ်နဲ့တင်ခေါ်သွားတာ၊တပင်ရွှေထီးထမင်းဆိုင်ကတွေ့လို့ခေါ်ထားတာ၊အမျိုးသမီးကတော့ထွက်ပြေးသွားတယ်၊ဖမ်းမမိဘူးအဲ့ကလေးကိုထမင်းဆိုင်ကပဲကျည်တောင်ကန် တပင်ရွှေထီးရပ်ကွက်လူကြီးကိုအပ်လိုက်တာ”လို့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။

ကလေးကိုပြန်တွေ့ချိန်မှာ နားမှာဝတ်ဆင်ထားတဲ့ နားကပ်ဖြုတ်ယူခံထားရသလို ကလေးငယ်ဟာပျော့ခွေနေပြီးအားအင်ဆုတ်ယုတ်နေတဲ့လက္ခဏာ တွေတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကလေးငယ်ကိုခေါ်လာတဲ့အမျိုးသမီးဟာထမင်းဆိုင်မှာကလေးငယ်ကိုထားခဲ့ပြီးထမင်းဖိုးရှင်းဖို့ပိုက်ဆံသွားယူမယ်ဆိုပြီးထွက်သွားတာဖြစ်တယ်လို့သိရပါတယ်။

ကလေးငယ်ဟာအချိန်ကြာမှငိုယိုပြီးအိမ်ပြန်ပို့ပေးဖို့ပြောတဲ့အတွက်ရပ်ကွက်ရုံးကတဆင့်ထမင်းဆိုင်ပိုင်ရှင်တွေကမိသားစုဝင်တွေကိုဆက်သွယ်ပြီးပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ်။