မတ်၊ ၃
မွန်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူ တရာကျော် ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဝန်ထမ်းတွေနဲ့ သာမန်အရပ်သားတွေလိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရှိတဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ် ကောင်စီကထုတ်ပြန်ပြီးနောက်တလအကြာမှာ လျှောက်ထားသူတရာကျော်အထိ ရှိနေတာလို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က အမည်မဖော်လိုတဲ့ ပြန်တမ်းဝင်အရာရှိတဦးက DNAကိုပြောပါတယ်။
“စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်လောက်ပါတယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကတော့ ၈၀ လောက် ရှိတယ်ပေါ့၊သူတို့က အစိုးရအဖွဲ့ကို တင်ပြထားတဲ့သူတွေပါ၊ ဒါကတော့ လက်ရှိ သိထားရတဲ့ စာရင်းတွေပါ၊ စာရင်း မတက်လာသေးတဲ့ အစုအဖွဲ့တွေလည်း ကျန်နေသေးတယ်”လို့သူကပြောပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီ USDPပါတီဝင် တွေကတော့ သူတို့နည်းလမ်းနဲ့ သူတို့ လျှောက်ထားနေတာဖြစ်သလို နိုင်ငံဝန်ထမ်းတွေကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတဆင့် စိစစ်ပေး နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လျှောက်ထားထားတဲ့သူတွေဟာ သက်ဆိုင်ရာမြို့နယ်တွေကနေ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပေမယ့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။
“မြို့နယ်ကနေ လျှောက်ထားရတယ်လေ၊ အဲဒီကနေတဆင့်စာရင်းကကျနေပြီ၊အခုက ပြည်နယ်အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ခွင့်ပြုချက်မကျသေးလို့တဦးတယောက်ကိုမှ မထုတ်ပေးရသေးဘူး၊မွန်ပြည် နယ်တခုလုံးမှာပေါ့နော်” လို့ အမည်မဖော်လိုတဲ့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီက အရပ်သားတွေလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အခုနှစ်ဆန်းပိုင်းမှာမှ ထုတ်ပြန်လိုက်တာဖြစ် ပေမယ့် မြေပြင်မှာတော့လက်နက်ကိုင်တော်လှန်ခုခံမှုတွေ စတင်အားကောင်းလာချိန်ကတည်းကစစ်အုပ်စု ထောက်ခံသူတွေနဲ့ အုပ်ချုပ်ရေးယန္တရားထဲပါဝင်နေသူတွေကို စစ်ကောင်စီက လက်နက်တွေတပ်ဆင်ပေးခဲ့တာပါ။
“သူတို့တွေကျတော့ အရင်ကတည်းက ထုတ်ပေးထားတယ်ပေါ့၊ ဥပမာ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်း၊ အုပ်ချုပ် ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော်ထောက်ခံတဲ့အစုအဖွဲ့တွေပေါ့၊ အခုသူတို့ကို ဘယ်လောက် ထုတ် ပေးထားလဲ၊ ကျွန်တော်တို့လည်း သိခွင့်မရှိဘူး၊ သိခွင့်လည်းမရဘူး၊ ကျွန်တော်ကြားသိရသလောက်ဆိုရင် သူတို့ ကိုလည်း စာရင်းပြန်ကောက်နေတာပဲ သိတယ်”လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်မူမှာ သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားသူတွေဟာ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူဖြစ်ရမယ်လို့ဖော်ပြထားသလို လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို အနှောက်အယှက်မဖြစ်စေရဘူးလို့လည်းပါဝင်ပါတယ်။
ဒါ့အပြင် ဒီမူအရ လိုင်စင်နဲ့ဖြစ်ဖြစ် ပါမစ်နဲ့ဖြစ်ဖြစ် လက်နက်ကိုင်ဆောင်ခွင့်ရထားသူဟာ စစ်ကောင်စီရဲ့ ဒေသ လုံခြုံ ရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့လိုအပ်လာတဲ့အခါ ဆောင် ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူဟာ စစ်ကောင်စီအနေနဲ့ သူတို့ကိုထောက်ခံသူတွေကို အကာအကွယ် မပေးနိုင် တော့တာကြောင့် ထွက်ပေါ်လာတာဖြစ်ပြီး ဒီမူအရ အရပ်သားတွေကြားလက်နက်ကိုင်ဆောင်သူဦးရေ တိုးပွား လာမှာဖြစ်လို့ ပြည်သူအချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခတွေပိုဆိုးလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ CDM တပ်မတော်သားတွေက ဝေဖန် ပြောဆိုထားပါတယ်။