ဟောင်ကောင်က ဆောက်လုပ်ဆဲ အထပ်မြင့် တိုက်ကြီးတလုံး မီးလောင်

မတ်၊ ၃

ဟောင်ကောင်က ဆောက်လုပ်ဆဲ အထပ်မြင့် တိုက်တလုံးမှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားတာကြောင့် အနီးတဝိုက် ဧရိယာတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။

 တရုတ်ပိုင်း ဟောင်ကောင်ကျွန်းမှာ မတ်လ ၂ ရက် ညသန်းခေါင် မတိုင်ခင် မီးလောင်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တနေ့ကို ကူးသွားပြီးတဲ့ထိ မီးက မငြိမ်းခဲ့သလို အနီးတဝိုက်ကိုပါ ပျံ့နှံ့လာနိုင်တဲ့ အလားအလာ ရှိတာကြောင့် ဆင်ရှာဆူ ရပ်ကွက်မှာ​ နေထိုင်သူ တချို့ကို စတင် ရွှေ့ပြောင်းဖို့ပါ စီစဉ် ပေးခဲ့ရပါတယ်။ မီးလောင်မှုဖြစ်တဲ့ ဆင်ရှာဆူ ရပ်ကွက်ဟာ ဟောင်ကောင်ရဲ့ အစည်ကားဆုံး စျေးဝယ် ဧရိယာတွေထဲက တခုလည်း ဖြစ်ပါတယ်။

 ဟောင်ကောင် မီးသတ်တပ်ဖွဲ့ဟာ မီးလောင်မှု ပြင်းထန်တာနဲ့ ပတ်သက်တဲ့ အဆင့် ၅ ခုထဲမှာ အခုဖြစ်ရပ်ကို အဆင့် ၄ သတ်မှတ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ တော်တော်များများ ဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ ထိခိုက်သေကြေမှု သတင်းတွေတော့ မကြားခဲ့ရပါဘူး။

 မျက်မြင်တွေရဲ့ အဆိုအရ တိုက်ကြီးရဲ့ အထက်နားက ငြမ်းဆင်ထားရာ နေရာမှာ မီးစလောင်ခဲ့တာလို့ သိရပါတယ်။ နောက်ထပ် တနာရီ မပြည့်ခင် အတွင်းမှာတင် တိုက်တခုလုံးနီးပါး မီးဟုန်းဟုန်း တောက်လောင်တဲ့ အဆင့်ထိ ရောက်သွားပြီး အောက်ခြေက လမ်းဧရိယာနဲ့ပါ နီးကပ်လာတာကြောင့် အရေးတကြီး ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတာပါ။

 ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ပစ္စည်း အစိတ်အပိုင်းတွေလည်း လမ်းပေါ်မှာ ကျရောက်ပြီး ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ညှော်နံ့တွေ ထောင်းထောင်းထနေခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

 ရဲနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက မီးလောင်ရာ ပတ်ဝန်းကျင်က အဆောက်အအုံ ၅ ခုမှာ​ နေထိုင်သူတွေကို ပြောင်းရွှေ့ခဲ့ကြောင်း ပြောပါတယ်။

 အခုမီးလောင်တဲ့ ဆောက်လုပ်ဆဲ တိုက်ဟာ ၄၂ ထပ် အမြင့်ရှိမှာဖြစ်ပြီး နာမည်ကျော် Mariner’s Clubနဲ့ ဟိုတယ်သစ် တလုံးပါ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေး လုပ်ငန်းစု Empire Groupရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ဆောက်လုပ်ရေး ပရောဂျက်ဟာ ဒေါ်လာ ၇၆၄ သန်းလောက် အကုန်အကျ ခံထားတာ ဖြစ်ပါတယ်။ မူလက အခုနှစ်ဆန်းပိုင်းမှာ အဆောက်အအုံ စတင်ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုဗစ်ရောဂါ ဂယက်ကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့ရတာပါ။ မီးလောင်မှုနဲ့ ပတ်သက်ပြီး Empire Groupကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

 မီးလောင်မှု စတင်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲလို့ သိရှိရပါတယ်။